DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်မှ တရုတ်ဘက် ဝင်မည့်သူများကို မြန်မာဘက်က အသက်ကန့်သတ်
DVB
·
February 25, 2025
မူဆယ်နယ်စပ်မှ တရုတ်ဘက် ဝင်မည့်သူများကို မြန်မာဘက်က အသက်ကန့်သတ်
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်တွေကနေ တရုတ်ဘက်ကို ဝင်ရောက်မယ့်သူတွေကို မြန်မာဘက်က အသက်ကန့်သတ်ထားပြီး တရုတ်ဘက်ကလည်း အလုပ်ခေါ်စာပါမှ ဝင်ခွင့်ပေးနေတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

တရုတ်−မြန်မာနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်တွေကနေ တရုတ်ဘက်ကို ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) နဲ့ ဝင်ရောက်မယ့်သူတွေအနေနဲ့ တုံကင်ယူစရာ မလိုတော့ပေမဲ့ မြန်မာဘက်က အသက်ကန့်သတ်လိုက်သလို တရုတ်ဘက်ကလည်း အလုပ်ခေါ်စာ မပါရင် ဝင်ခွင့်မပြုဘူးလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (BP) အနီ ရှိသူတွေကတော့ အသက်အကန့်အသတ် မရှိပေမဲ့ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) နဲ့ ဝင်မယ့်သူတွေကိုတော့ အသက်ကန့်သတ်လိုက်‌သလို အလုပ်ခေါ်စာလည်း လိုအပ်တယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူက ပြောပါတယ်။

“စမတ်ကတ် တုံကင်က နေ့တိုင်း လာယူလို့ရတယ်။ ဟိုဘက်ဝင်တာက အသက် ကန့်သတ်ထားတယ်။ ပြီးတော့ သူဌေးခေါ်စာရှိတဲ့ လူတွေကိုပဲ တရုတ်ဘက်က ပေးဝင်တယ်။ မြန်မာဘက်ခြမ်းက အသက်ကန့်သတ်လိုက်တယ်။ တရုတ်ဘက်ကျတော့ သူဌေးခေါ်စာ ရှိတဲ့သူတွေကိုပဲ ပေးဝင်တယ်၊ (စာအုပ်) အနီတွေက (အသက်) အကန့်အသတ် မရှိဘူး။ ၇ ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီကတ်နဲ့က ဝင်လို့ရရင်တောင် ကျယ်ဂေါင်အထိပဲ ရတယ်။ ရွှေလီအထိ သွားလို့မရဘူး။”

မူဆယ်မြို့နယ်အတွင်းမှာ နန်းတော်နဲ့ ဆင်ဖြူဂိတ် ၂ ခုကိုသာ လူအဝင်အထွက် ခွင့်ပြုထားပြီး အရင်က ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) နဲ့ ဝင်ရောက်တဲ့အခါမှာ ကြိုတင် တုံကင်ယူခဲ့ရပြီး ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး တုံကင်ယူဖို့ မလိုတော့ပေမဲ့ ဝင်ထွက်ခွင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းနဲ့ ကိုက်ညီတဲ့ အသက်အရွယ်ရှိသူတွေ အနေနဲ့ မဖြစ်မနေ သွားမယ်ဆိုရင် မိမိနေရပ်က စစ်မှုထမ်းကင်းလွတ်ခွင့် စာရွက်စာတမ်းတွေနဲ့ စစ်ကောင်စီက စစ်မှုထမ်းခေါ်ရင် အချိန်မရွေး ပြန်လာနိုင်ရမယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ပြနိုင်မှ ရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

“တုံကင်က ယူစရာမလိုတော့ဘူးလို့တော့ ပြောနေတယ်။ မြန်မာဘက်က အသက်ကန့်သတ်တာက မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ လူနဲ့ အလုပ်လုပ်နိုင်တဲ့လူ မရှိတော့ဘူးလေ။ အဘိုး၊ အဘွားတွေပဲ ကျန်တော့တာ။ ခြံစိုက်ဖို့လူတောင် မရှိတော့ဘူး။ ရန်ကုန်ဘက်က စက်ရုံတွေကလည်း လုပ်သား မရှိတော့ဘူးလို့ ပြောနေကြတယ်။ အဲဒါကြောင့် လူငယ်တွေ များများထွက်လို့မရအောင် ကန့်သတ်ထားတာ။”

မူဆယ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပေါ်က မန့်ဝိန်း၊ နန်းတော်နဲ့ ဆင်ဖြူဂိတ်တွေကနေ လူအဝင်အထွက်နဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နေကာ ကျင်စန်းကျော့နဲ့ ပန်ဆိုင်းဂိတ်တွေကိုတော့ ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013