
နှစ်စဉ်ကျင်းပတဲ့ ခွေးများအတွက် ဖီဒိုဆုလို့ ခေါ်တဲ့ ကေနိုင်းအော်စကာပေးပွဲမှာ Deadpool & Wolverine ဇာတ်ကားထဲက အရုပ်အဆိုးဆုံးခွေးက ရရှိခဲ့ပါတယ်။
ဖီဒိုဆုပေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က လန်ဒန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး Peggy the pugese လို့ ခေါ်တဲ့ ဒီခွေးလေးဟာ ပတ်နဲ့ Chinese crested မျိုးတို့ ပေါင်းစပ်ထားတဲ့ ခွေးမျိုးဖြစ်ပြီး ဗြိတိန်မှာကျင်းပတဲ့ ရုပ်အဆိုးဆုံးပြိုင်ပွဲမှာ ဆုရခဲ့ဖူးပါတယ်။
Deadpool & Wolverine ဇာတ်ကားမှာ ပက်ဂီလေးဟာ ရွိုင်ယန်ရေးနိုး၊ ဟူဂိုဂျက်မန်း တို့နဲ့အတူ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ဒီဆုပေးပွဲမှာ အကောင်းဆုံးဆု ရခဲ့တာပါ။
အဲဒီကားမှာ သူ့ကို လူကြိုက်များခဲ့တာက လျှာထုတ်တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။
ပက်ဂီလေးဟာ အဲဒီဇာတ်ကားမှာ ခေတ္တခဏသာ ပါဝင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူက အဓိကအခန်းကနေ ပါဝင်ဖြစ်ခဲ့တယ်လို့ ရေးနိုးက အင်ပါယာမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
လူတိုင်းက အဲဒီခွေးမလေးကို ချစ်ကြပြီး ရုပ်ရှင်မှာလည်း တကယ်သရုပ်ဆောင်နိုင်တယ်လို့ ဖီဒိုဆု ကျင်းပသူ တိုဘီရို့စ်က ပြောပါတယ်။
ဖီဒိုဆုပေးပွဲကိုတော့ ပက်ဂီ တက်ရောက်ပြီး ဆုယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ပက်ဂီဟာ သူ့ရဲ့ ခွေးပိုင်ရှင်နဲ့အတူ အပန်းဖြေခရီးထွက်နေတာကြောင့် ဆုပေးပွဲ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
ပက်ဂီရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဟိုလီးမစ်ဒယ်တန်က အသံမက်ဆေ့တခု ပေးပို့ခဲ့ပြီး ကျေးဇူးတင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
ဖီဒိုဆုပေးပွဲမှာ အခြား ထိပ်တန်းဆုတခုဖြစ်တဲ့ Romcom Rover ဆုကို Bridget Jones ဇာတ်ကားမှာ ပါဝင်တဲ့ ခွေးလေးက ရရှိခဲ့ပါတယ်။
Source : Reuters










