Home
နိုင်ငံတကာ
တာ့ခ်ဘိုင် လူသတ်ပွဲအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တောင်းပန်
DVB
·
February 24, 2025
Photo : Pheu Thai party

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ တာ့ခ်ဘိုင် လူသတ်ပွဲနဲ့ပတ်သက်ပြီး  အမှားတွေ လုပ်ခဲ့ကြောင်းနဲ့ ခွင့်လွှတ်ပေးဖို့ နာရသီဝပ်မှာ မွတ်စလင်တွေကို ဖေဖော်ဝါရီ ၂၃ ရက်က တောင်းပန်လိုက် ပါတယ်။

ထိုင်းတောင်ပိုင်းက ပြည်သူတွေအပေါ် စေတနာရှိကြောင်းနဲ့ စာနာကြောင်း သက်ဆင်က Samphan Wittaya ကျောင်းမှာ ဆရာတွေနဲ့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ  အဖမ်းခံထားရတဲ့ ရွာသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တိုးခဲ့ပြီး ဆန္ဒပြသူ ၁,၀၀၀ ကျော် အဖမ်းခံခဲ့ရကာ အနည်းဆုံး ၈၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အများစုဟာ စစ်စခန်းတွေကို ဖမ်းခေါ်သွားစဉ် စစ်ကားတွေထဲ အတင်းထိုးသိပ်ထည့်လို့ အသက်ရှူကျပ် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွက် အမှုကြားနာဖို့ကလည်း နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ရပြီး မနှစ်ကမှ အပြီးသတ်ခဲ့ပါတယ်။

အဲဒါကလည်း ကာလစည်းကမ်းသတ်အရ အနှစ် ၂၀ ကျော်သွားတဲ့အတွက် အမှုပိတ်လိုက်ရတာဖြစ်ပြီး ဘယ်တာဝန်ရှိသူမှ ထောင်မကျခဲ့ပါဘူး။

သက်ဆင် ခရီးစဉ်အတွင်း ယာလာမှာ ပေါက်ကွဲမှုတကြိမ်၊ နာရသီဝပ်လေဆိပ်မှာ သက်ဆင်မရောက်မီ တနာရီအလို ပေါက်ကွဲမှုတကြိမ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း သက်ဆင်က မှတ်ချက်ပေးခဲ့ပါတယ်။

တချို့တွေကတော့ သူကြောက်နေမယ် ထင်ကြပေမဲ့ လုပ်ကြံဖို့ ကြိုးပမ်းမှု အကြိမ်ကြိမ် လွတ်မြောက်ခဲ့ပြီး ဖြစ်တာကြောင့် မတုန်လှုပ်ကြောင်း သက်ဆင်က ပြောသွားပါတယ်။

သက်ဆင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အထူးအကြံပေးအနေနဲ့ရော ဖွေထိုင်းပါတီ ကိုယ်စားလှယ်အနေနဲ့ပါ ထိုင်းတောင်ပိုင်းကို လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်းပြဿနာကို မလေးရှားကြားဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သက်ဆင်က ပြောကြားခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024