DVB Logo
Home
မြန်မာသတင်း
အနောက်ရိုးမနှင့်နီးသည့် သာပေါင်းက ရွာများတွင် စစ်တပ်လာစွဲ
DVB
·
February 23, 2025
အနောက်ရိုးမနှင့်နီးသည့် သာပေါင်းက ရွာများတွင် စစ်တပ်လာစွဲ
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ခွေးကုတ်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ် လာရောက်တပ်စွဲပြီး စားစရိတ်အတွက် ရွာထဲကဆိုင်တွေဆီကနေ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခွေးကုတ်ကျေးရွာအုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းမှာတော့ စစ်သား ၂၀ လောက် လာရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ရောက်နေတာ ၃ ရက်လောက်ရှိပြီ။ လာရောက်တပ်စွဲထားတဲ့ စစ်တပ် စားသောက်ရေးကို ကျေးရွာဆိုင်တွေ ပေးရတယ်။ တဆိုင် တသိန်းနဲ့ ဈေးဆိုင် ၄ ဆိုင်က ပေးလိုက်ရတယ်။ စကားပြော ရိုင်းကြတော့ ရွာသားတွေ ကြောက်နေတယ်” လို့ DVB ကို ပြောပါတယ်။

ညဘက် ၆ နာရီကနေ မနက် ၆ နာရီအထိ အိမ်အပြင်မထွက်ဖို့ပြောဆိုထားပြီး အနန်းချောင်းအတိုင်း ရေကြောင်းကနေ ကင်းလှည့်နေတယ်လို့လည်း သိရပါတယ်။

ခွေးကုတ်ကျေးရွာမှာလည်း ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ဘုန်းတော်ကြီးကျောင်းနဲ့ရွာထဲမှာ ကလေးစစ်သား ၁၅ ယောက်လောက် အပါအဝင် စစ်သားအင်အား ၇၀ လောက် လာရောက်တပ်စွဲပြီး အမျိုးသားတွေရှိတဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးနဲ့အတူ လိုက်လံ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အင်အားက ၇၀ လောက်ရှိမယ်။ ကလေးစစ်သားတွေလည်း ပါတယ်။ စားနပ်ရိက္ခာတွေနဲ့အပြည့်နဲ့ လာတပ်စွဲနေတာ။ ဘုန်းကြီးကျောင်းဘုရားပရဝဏ်နဲ့ ရွာအပြင်ဘက်မှာ နေရာခွဲယူထားတာ တွေ့ရတယ်။ အကုန်ဘယ်မှ မထွက်ရဲဖြစ်နေတာ။ ​​အပြင်ထွက်တာနဲ့ အော်ဟစ်ဆဲဆိုနေတာ၊ စစ်နေတာ၊ သေချင်လို့ အပြင်သွားနေတာလား မေးတာ။ ခြိမ်းခြောက်ပြီး ရွာထဲလှည့်ပတ်နေတော့ ဘာလုပ်လို့ရမှာလဲ” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ သာပေါင်း ခလရ ၃၀၈ တပ်နေ သာပေါင်းတိုက်ပွဲအတွက် စစ်ကူလာတဲ့တပ်သားတွေ ဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ် လူငယ်တွေလည်း ပါဝင်သလို ယာယီစခန်းချ အနားယူတာဖြစ်လိမ့်မယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် သာပေါင်းမြို့နယ် ကျေးရွာတွေကဈေးဆိုင်တွေမှာ လာဝယ်သူတွေကို ဆန်တအိတ်၊ စက်သုံးဆီတဂါလံပဲ ရောင်းချဖို့ စစ်တပ်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းမြို့နယ်၊ ခွေးကုတ်ကျေးရွာအုပ်စုဟာ ငဝန်မြစ်အနောက်ဘက်ခြမ်းမှာရှိပြီး သာပေါင်း-ရေနံ့သာလမ်း၊ အနောက်ရိုးမနဲ့နီးစပ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013