DVB Logo
Home
မြန်မာသတင်း
တနင်္သာရီက အမျိုးသား ၇ ယောက်ကို စစ်တပ် ဖမ်းဆီး၊ အုပ်ချုပ်ရေးမှူးဆွေမျိုးနှင့် ရန်ဖြစ်သည့်လူငယ် စစ်သင်တန်းပို့ခံရ
DVB
·
February 23, 2025
တနင်္သာရီက အမျိုးသား ၇ ယောက်ကို စစ်တပ် ဖမ်းဆီး၊ အုပ်ချုပ်ရေးမှူးဆွေမျိုးနှင့် ရန်ဖြစ်သည့်လူငယ် စစ်သင်တန်းပို့ခံရ
Donate to DVB

တနင်္သာရီမြို့နယ်မှာ အမျိုးသား ၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးနဲ့ စကားများရန်ဖြစ်တဲ့ လူငယ် ၁ ယောက် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ မနက် ၁၀ နာရီလောက်က ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဒေသခံတယောက်က “ဖမ်းဆီးတဲ့နေ့တုန်းက အမျိုးသမီးတွေလည်း ပါတယ်။​ စကစက လူရှိတဲ့ အိမ်တွေထဲဝင် သေနတ်နဲ့ထောက်ပြီး အကုန်ခေါ်ထုတ်တာ။ အမျိုးသမီးတွေကိုတော့ ညနေဘက်မှာ ပြန်လွှတ်ပေးခဲ့တယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ဘန်းလမွတ်ရွာသားတွေဖြစ်တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးမျိုးကြွယ်၊ အသက် ၃၀ကျော်အရွယ် ကိုနောင်၊ အသက် ၂၀ ကျော်အရွယ် မောင်ကျော်ဝင်းနဲ့ အသက် ၄၀ ကျော်အရွယ် ဦးဂျာလီး၊ ဦးထင်အောင်၊ ဦးစိန်ဝင်းနဲ့ ဦးထွန်းကြိုင်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားတွေကို လက်ရှိမှာ စစ်ကောင်စီရဲ့ ခမရ ၅၅၇ တပ်ရင်းမှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့တွေ့ခွင့်မရဘူးလို့လည်း မိသားစုနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက ဘန်းလမွတ်ရွာအနီးနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အနီးအနားရွာဖြစ်တဲ့ ပနပ်ငယ်ရွာက နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနဲ့ စကားများ ရန်ဖြစ်တဲ့ လူငယ် ၁ ယောက် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကြို့ပင်ကောက်ဒေသခံ အသက် ၃၀ ကျော် လူငယ်တယောက်က “ကျနော်တို့မြို့နယ်ထဲက ဘွက်တူးကုန်းရွာမှာ သူတို့ရွာက စစ်တပ်ကခန့်တဲ့ အုပ်ကြီးရဲ့သူ့တူ ဖိုးပြည့် ဆိုတဲ့ကလေးနဲ့ စကားများ ရန်ဖြစ်တဲ့ လူငယ်တယောက်ကို စစ်တပ်ခေါ်ပြီးဖမ်းခိုင်းတာ၊ အခုတော့ စစ်သင်တန်းအထိကို ပါသွားပြီတဲ့” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူဟာ ဘွက်တူးကုန်းရွာနေ အသက် ၂၀ ကျော်အရွယ် ကိုအောင်ကိုကို ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ တူတော်စပ်တဲ့ တရွာတည်းနေ ကိုဖိုးပြည့် ဆိုသူနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စကားများ ရန်ဖြစ်ခဲ့ကြပြီး အဲဒီနေ့ညနေပိုင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင်အခြေစိုက် PDF တပ်ဖွဲ့တခုရဲ့တာဝန်ခံက “ဖမ်းသွားတဲ့ အောင်ကိုကို က စစ်သင်တန်းကို အပို့ခံလိုက်ရပြီလို့ သိရတယ်။ ဖိုးပြည့် ဆိုတဲ့ကလေးက အရင်ရန်လာစတာပြီး စကားများကြတာ။ ဖိုးပြည့် ဆိုတဲ့ကလေးကလည်း အသက် ၂၀ ဝန်းကျင်ပဲ။ ဒါပေမဲ့ သူ့ကိုတော့ ဖမ်းခေါ်မသွားဘူး။ ရွာမှာ ကျန်နေခဲ့တယ်။ အောင်ကိုကို က ကြို့ပင်ကောက်မြို့ပေါ်ကဆန်စက်မှာ အလုပ်လုပ်ပြီး သူ့အမေနဲ့ သူ့အဘွားကို လုပ်ကျွေးနေတာလို့ စုံစမ်းသိရတယ်ဗျ။ ကျန်နေခဲ့တဲ့ သူ့အမေနဲ့ သူ့အဘွားတို့တော့ စားသောက်ရေးအတွက်ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ကိုအောင်ကိုကို ဖမ်းဆီးခံရပြီး ၁၅ ရက်နီးပါးအကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က နေအိမ်မှာကျန်နေခဲ့တဲ့ မိခင်ဆီကနေ ကိုအောင်ကိုကိုရဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေကို လာရောက်တောင်းယူသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလဆန်းပိုင်းစတင်ပြီး စစ်ကောင်စီတပ်ဟာ ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းကျေးရွာက ဒေသခံပြည်သူ ၄၀ နီးပါးကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသလို ရှားဖြူကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ သပြေရုံကျေးရွာ၊ ကျွန်းတောစုကျေးရွာ၊ ကံဦးကျေးရွာနဲ့ လယ်တီကျေးရွာအပြင် နီးစပ်တဲ့ကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013