DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်း ရှမ်းနီတပ်ဖွဲ့ဝင် ၉ ဦးနဲ့ ရွှေဘိုရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
February 22, 2025
ဟုမ္မလင်း ရှမ်းနီတပ်ဖွဲ့ဝင် ၉ ဦးနဲ့ ရွှေဘိုရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်းထဲတွင် ဟုမ္မလင်းမြို့နယ်က ရှမ်းနီ (SNA) တပ်ဖွဲ့ဝင် ၉ ယောက်နဲ့ ရွှေဘိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်တယောက်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်း ပကဖ) ဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီ (SNA) ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ဦးက လက်နက်တွေ ယူဆောင်လာပြီးတော့ ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပကဖ နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာကြတာ” လို့ ပြောပါတယ်။

အဲ့ဒိအလင်းဝင်ရောက်လာကြသူတွေကို သူတို့ရဲ့မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံစေခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ရှမ်းနီ (SNA) တပ်ဖွဲ့ဝင် ၉ ယောက်ဟာ G3 သေနတ် ၃ လက်၊ AK ဒင်ခေါက်သေနတ် ၁ လက်၊ AK သေနတ် ၁ လက်၊ ကီးချန်းသေနတ် ၁ လက်၊ G3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့်တို့နဲ့အတူ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့က ဦးဆောင်ကာ လက်နက်ခဲယမ်းတွေယူဆောင်လာကြတဲ့ အဆိုပါရှမ်းနီတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုငွေချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ကျင်းပပေးခဲ့​သေးတယ်လို့ သိရပါတယ်။

“သူတို့ဟာ ရှမ်းနီတပ်ရဲ့ မတရားစုဆောင်းတာခံခဲ့ရသူတွေဖြစ်တယ်။ အလင်းဝင်ရောက်လာကြတဲ့ သူတို့အတွက် အများကြီးဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း သူတို့အတွက် အလုပ်အကိုင်ရရှိရေးတွေနဲ့ ရှေ့ဆက်ပြီးဘဝရပ်တည်ရေးတွေကို ဆောင်ရွက်ပေးဖို့ ဒီဘက်က တာဝန်ရှိသူတွေ တိုင်ပင်ဆွေးနွေးနေတာတွေရှိပါတယ်။ အခုတော့ သူတို့တွေကို ဟုမ္မလင်း ပကဖ ကပဲ စောင့်ရှောက်ပေးနေပါတယ်” လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ညောင်ကိုင်းပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား စိန်သောင်းဟာလည်း BA94 (အူဇီ) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ လက်ပစ်ဗုံး ၁ လုံး တို့ ယူဆောင်လာကာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ အဆိုပါပျူစောထီးကျေးရွာကနေ ထွက်ပြေးလာပြီး ရွှေဘိုအခြေစိုက် တောင်သူဦးကြီးများအဖွဲ့ (LDF) ဆီကို အလင်းဝင်ရောက်လာခဲ့တာကြောင့် ဆုကြေးငွေကျပ် ၁၀ သိန်းချီးမြှင့်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေအပါအဝင် ရှမ်းနီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကိုဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကိုအမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013