
အောင်လအန်ဆန်အတွက် နောက်ထပ်တပွဲစီစဉ်ပေးဖို့ One Championship ကို တူရကီဖိုက်တာ ရှမေးလ် အာဒိုဂမ်က တောင်းဆိုသွားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ညက ကာတာနိုင်ငံမှာ ကျင်းပတဲ့ MMA One Championship ပွဲစဉ်မှာ အောင်လအန်ဆန်ကို ပထမအချီ ၂၈ စက္ကန့်မှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပွဲအပြီး အင်တာဗျူးအစီအစဉ်မှာ အာဒိုဂမ်က တောင်းဆိုသွားခဲ့တာပါ။
အောင်လအန်ဆန်ဟာ သူရဲကောင်းတယောက်ဖြစ်ပြီး နောက်ထပ်တပွဲလောက် စီစဉ်ပေးဖို့ မျှော်လင့်ကြောင်း၊ မိမိဟာ ကြီးမားတဲ့ဖိုက်တာ ဖြစ်တာကြောင့် အောင်လအတွက် ပြဿနာတခု ဖြစ်ခဲ့ရကြောင်း အာဒိုဂမ်က ပြောပါတယ်။
အောင်လအန်ဆန် အနေနဲ့ နောက်ထပ်ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း အာဒိုဂမ်က အားပေးစကား ပြောသွားခဲ့တာပါ။
အောင်လအန်ဆန်ဟာ ကိုဗစ်ရောဂါ ကူးစက်ခံစားရပြီးကတည်းက စွမ်းဆောင်ရည် ကျဆင်းသွားခဲ့တာဖြစ်ပြီး အာဒိုဂမ်ကို ၂ ပွဲဆက်ရှုံးခဲ့သလို ရိုင်နီယာဒီရိုက်တာနဲ့လည်း ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။
အလားတူ ပြိုင်ဘက်ဟောင်း ဗစ်တာလီဗစ်ဒက်ရှ်နဲ့ ပွဲမှာလည်း အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ အောင်လအန်ဆန် အနေနဲ့ နောက်ထပ်ပွဲရဦးမလားဆိုတာ မသိရှိရသေးပေမဲ့ ပြိုင်ပွဲအပြီးမှာ နှုတ်ဆက်အင်တာဗျူး မလုပ်ခဲ့တာကြောင့် နောက်ထပ်တပွဲလောက် ဆက်လက်ထိုးသတ်ရဖို့ ရှိတယ်လို့ ပရိသတ်တွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။