DVB Logo
Home
နိုင်ငံတကာ
NATO တပ်ဖွဲ့ ယူကရိန်းကို စေလွှတ်မှု ရုရှား လက်မခံ၊ ယူကရိန်းအရေး ရုရှား-အမေရိကန် ဆွေးနွေးပွဲ တိုးတက်မှုရှိ 
DVB
·
February 19, 2025
NATO တပ်ဖွဲ့ ယူကရိန်းကို စေလွှတ်မှု ရုရှား လက်မခံ၊ ယူကရိန်းအရေး ရုရှား-အမေရိကန် ဆွေးနွေးပွဲ တိုးတက်မှုရှိ 
Donate to DVB

ယူကရိန်းကို NATO တပ်ဖွဲ့တွေ စေလွှတ်တာနဲ့ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးက လက်မခံကြောင်း ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် ဆော်ဒီအာရေဗျနိုင်ငံမှာ အမေရိကန်နဲ့ ဆွေးနွေးနေပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က အခုလို ပြောခဲ့တာပါ။

ယူကရိန်းနဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ရရင် တပ်ဖွဲ့တွေ ယူကရိန်းကို စေလွှတ်ဖို့ အသင့်ပဲလို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက တနင်္လာနေ့မှာ ပြောကြားခဲ့တာကို လာ့ဗရော့ဗ်က တုံ့ပြန်ခဲ့တာပါ။

လာ့ဗရော့ဗ်က “NATO တွေ ယူကရိန်းကို စေလွှတ်တာက NATO ရဲ့ နယ်ပယ်ချဲ့တာဖြစ်လို့ ရုရှားရဲ့ အချုပ်အခြာပိုင်မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ယူကရိန်းကို စေလွှတ်မယ့် NATO အဖွဲ့တွေဟာ ကိုယ်စားပြုတဲ့ နိုင်ငံမျိုးစုံဖြစ်ပြီး ဥရောပသမဂ္ဂ အလံအောက်မှာ တည်ရှိနေပေမဲ့ လက်နက်ကိုင်အဖွဲ့တွေသာဖြစ်ပြီး ဘာမှ ပြောင်းလဲမှု မရှိတဲ့အကြောင်း လာ့ဗရော့ဗ်က ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် တနေ့မှာ ပေးအပ်မယ်လို့ ၂၀၀၈ ခုနှစ်မှာ ကတိပြုခဲ့မှုအပေါ် ငြင်းဆိုဖို့ ရုရှားက ဆန္ဒရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာက ပြောပါတယ်။

ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်ဖြစ်တာကို ရုရှားက လက်မခံနိုင်ကြောင်းလည်း မာရီယာက ပြောထားပါတယ်။

၂၀၀၈ ခုနှစ် ဧပြီလက ဘူခါရက်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို အဖွဲ့ထဲကို ဝင်နိုင်ကြောင်း NATO က ကြေညာခဲ့တာပါ။ အဲဒီကတိပြုမှုကို ဖျက်သိမ်းဖို့ ရုရှားက ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေအကြား ပထမအကြိမ်ဆွေးနွေးပွဲဟာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မှာ အင်္ဂါနေ့က ပြီးဆုံးခဲ့ပြီး ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်လာတယ်လို့ ရုရှားသမ္မတနန်းတော် နိုင်ငံခြားရေး အကြံပေး ယူရီ ယူရှာကို့ဗ်က ပြောပါတယ်။

၄ နာရီကြာ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေနဲ့အတူ ပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ သဘောတူခဲ့တာကို သတိပြုမိတယ်လို့ ယူရှာကို့ဗ်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ကြား အလားအလာရှိတဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တွေ့ဆုံမယ့် ရက်စွဲက မသေချာသေးပေမဲ့ မီဒီယာတချို့က ခန့်မှန်းထားတဲ့အတိုင်း လာမယ့် သီတင်းပတ်အတွင်း မကြာခင် ကျင်းပဖို့တော့ မဖြစ်နိုင်ဘူးလို့ ယူရှာကို့ဗ်က မှတ်ချက်ပြုခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့်ပ်တို့က တတိယနိုင်ငံမှာ အလုပ်အဖွဲ့ အစည်းအဝေး ကျင်းပဖို့ အမြန်သဘောတူခဲ့တယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြည်တွင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး လမ်းကြောင်းရှာဖွေရေး အဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ ကိုယ်စားလှယ် အဖွဲ့တွေ ဖွဲ့ စည်းဖို့ သဘောတူညီခဲ့ကြပေမဲ့ ဆွေးနွေးပွဲမှာ ပါမယ့်သူတွေကို မဆုံးဖြတ်ရသေးဘဲ သမ္မတ ၂ ယောက်က ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂရပ်ရှ်ကိုက အင်္ဂါနေ့ဆွေးနွေးပွဲတွေဟာ နှစ်ဖက်စလုံးရဲ့ အခြေခံကျတဲ့ ရပ်တည်ချက်တွေကို ဖော်ပြဖို့ အဓိကရည်ရွယ်ပြီး ကနဦးဆွေးနွေးမှု ဖြစ်တယ်လို့ အလေးထား ပြောခဲ့ပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်၊ ယူရှာကို့ဗ်နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) ရဲ့ CEO ခီရေးလ် ဒမစ်ထရစ်ဗ်တို့ ပါပါတယ်။

အမေရိကန်ဘက်မှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို၊ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ် ဝေါ့ဇ်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ ပါပါတယ်။

ဆွေးနွေးပွဲကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ် ဘင်ဖာဟန်အယ်လ်ဆွဒ်လည်း တက်ရောက်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013