DVB Logo
Home
မြန်မာသတင်း
PDF ထိန်းချုပ်နယ်မြေက ဒေသခံများ ဗုံးခိုကျင်း‌တူးရန် အခက်အခဲရှိ
DVB
·
February 19, 2025
PDF ထိန်းချုပ်နယ်မြေက ဒေသခံများ ဗုံးခိုကျင်း‌တူးရန် အခက်အခဲရှိ
1 / 6
Donate to DVB

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေပေမဲ့ မြေပြင်မှာ ဗုံးခိုကျင်းတူးဖို့ရာ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက အခုနှစ် နှစ်ဆန်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေကြပါတယ်။

ဗုံးခိုကျင်းတွေ တူးထားခြင်း မရှိပါက စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးပစ်ခတ်တဲ့ ရန်ကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ပြီး ဗုံးခိုကျင်းတွေ တူးထားပါက ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ရန်ကို အတန်အသင့် ဒဏ်ခံနိုင်တယ်လို့ ဂန့်ဂေါဒေသကာကွယ်ရေးတပ်မှ ကိုသားဇင်က ပြောပါတယ်။

“ဘာတိုက်ပွဲမှလည်း မရှိဘူး၊ ဘာမှ ထွေထွေထူးထူးမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်ပေါ့။ ဒီရွာထဲကို အရပ်သားတွေရှိတဲ့ နေရာတွေကို ကြဲချတာတွေ ရှိတဲ့အတွက် လူတိုင်း အိမ်တိုင်းပေါ့၊ ကျနော်တို့ ဗုံးခိုကျင်း တူးထားကြတယ်ပေါ့။ ဒီဗုံးခိုကျင်း ရှိတယ်ဆိုရင် ထိခိုက်ဒဏ်ရာ မရနိုင်ဘူးပေါ့။ သေသွားနိုင်လောက်တဲ့ အဆင့်ထိဆိုရင် ထိခိုက်ဒဏ်ရာရမယ်ပေါ့၊ အသက်မဆုံးရှုံးဘဲနဲ့။”

လက်ရှိ တော်လှန်ရေးနယ်မြေတွေမှာလည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေတဆင့် ရပ်ရွာဒေသခံတွေအထိ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်၊ လေကြောင်းရန်ဒဏ်နဲ့ ဗုံးခိုကျင်းတူးခြင်း အသိပညာတွေကို လက်ဆင့်ကမ်း မျှဝေနေတာတွေ ရှိနေပါတယ်။

စစ်ကောင်စီက တိုက်ပွဲတွေရှိမှ လေကြောင်း‌၊ လက်နက်ကြီးပစ်တာမျိုး မဟုတ်ဘဲ ညသန်း‌ခေါင်ယံအချိန်တွေ လေကြောင်းကနေ တိုက်ခိုက်တာ၊ စက်တပ်လေထီးနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိရှိကြဖို့ ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကလည်း DVB ကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် ဗုံးခိုကျင်းတွေ တူးခိုင်းနေပေမဲ့ လက်ရှိ မြေပြင် ဒေသခံပြည်သူတွေဟာ ဗုံးခိုကျင်းတူးကြဖို့ရာ ငွေကြေးကုန်ကျမှုတွေ ရှိတာကြောင့် အခက်အခဲတွေ ရှိနေကြတယ်လို့ ဂန့်ဂေါနယ်က‌ ဒေသခံ မမျိုးက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ဒေသခံတယောက်က “ဗုံးခိုကျင်းတွေ တူးတဲ့နေရာမှာ လုပ်သားငှားရမ်းခ ကုန်ကျတာတွေ ရှိနေပြီး မိမိကိုယ်တိုင် တူးရင် ငွေကြေးကုန်ကျမှု သက်သာပေမဲ့ ဗုံးခိုကျင်းပေါ်မှာ အုပ်မိုးရတဲ့ သစ်တုံး‌တွေအတွက် ငွေကြေးကုန်တာ ရှိနေပြီး အသိပညာပေးမှု အားနည်းတာကြောင့်လည်း မြေပြင် ဗုံးခိုကျင်းတူးတာ အားနည်းနေသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေ အမြဲမပြတ် ပစ်ခံရတဲ့ နေရာတွေမှာတော့ ဒေသ ကာကွယ်ရေးတပ်တွေက ဦးဆောင်ပြီး ဗုံးခိုကျင်းတွေ လှူဒါန်းတူး‌ပေးကြပေမဲ့ ငွေကြေး အခက်အခဲအရ တချို့နေရာတွေမှာတော့ ကျေးရွာတိုင်းကို လိုက်တူးပေးဖို့ရာ အခက်အခဲ‌တွေ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန် အများဆုံးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဗုံးခိုကျင်း ၃၃၉ ကျင်း တူးဖော်ပေးခဲ့ပြီး နိုင်ငံအဝန်း ဗုံးခိုကျင်း စုစုပေါင်း ၁,၁၇၅ ကျင်း တူးပေးခဲ့တယ်လို့ ၂၀၂၃ ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013