DVB Logo
Home
မြန်မာသတင်း
PDF ထိန်းချုပ်ထားသည့် မြို့ ၄ မြို့တွင်  ကဏ္ဍစုံပြန်လည်ပတ်နိုင်ရန် ဆောင်ရွက်နေ
DVB
·
January 15, 2024
PDF ထိန်းချုပ်ထားသည့် မြို့ ၄ မြို့တွင်  ကဏ္ဍစုံပြန်လည်ပတ်နိုင်ရန် ဆောင်ရွက်နေ
Donate to DVB

စစ်ကိုင်းတိုင်းမှာ PDFတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့မှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍစုံလည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီကလည်း လက်လွှတ်ခဲ့ရတဲ့မြို့တွေကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားနေပြီး မြို့တွေကို လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်ခတ်ခြိမ်းခြောက်နေပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်တိုက်ဆိုသလို စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို သိမ်းယူထားတာပါ။

သိမ်းယူထားတဲ့မြို့တွေကို ထိန်းနိုင်ဖို့ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအစီအစဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက စီမံဆောင်ရွက်ခဲ့ပေမဲ့ နယ်မြေလုံခြုံမှုအပြည့်အဝမရသေးဘဲ စစ်ကောင်စီက နေ့တိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာကို ဒေသခံပြည်သူတွေ ရင်ဆိုင်နေရပါတယ်။

NUG အစိုးရကတော့ ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲကို သိမ်းယူပြီးနောက်မှာ  NUG ရဲ့ ပထမဦးဆုံး မြေပြင်ဘဏ်ခွဲအဖြစ် ကြေညာခဲ့တာပါ။

စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက “ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အရေးပေါ်တုံ့ပြန်ရေးပေါ့။ NON CDM တွေ ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်လို့လည်း ဥပဒေနဲ့အညီ ဖြေရှင်းဖို့ NON CDM ဖြေရှင်းရေးကော်မတီပေါ့။ အဲဒါကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များကို ခန့်အပ်ပြီးတော့ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်နဲ့အညီ စီမံခန့်ခွဲဖို့တော့ ဆောင်ရွက်နေနိုင်ပြီ။ အဲဒီလိုပဲ ကာကွယ်ရေးနဲ့ပတ်သက်လို့ကလည်း သူ့တာဝန်နဲ့သူ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ သူ့တာဝန်နဲ့သူ အုပ်ချုပ်နိုင်အောင်တော့ စီမံဆောင်ရွက်တယ်။ ကောလင်းမှာ မြန်မာ့စီးပွားရေးဘဏ်ရယ်၊ ပုဂ္ဂလိကဘဏ်ရယ်အားလုံးရဲ့ ငွေစာရင်းအားလုံးကိုလည်း အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ မဆုံးရှုံးစေရပါဘူးလို့ ဘဏ္ဏာရေးဝန်ကြီးဌာနက ကြေညာထားပြီးလည်း ဖြစ်တဲ့အတွက်၊ ကျန်တာကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ စသဖြင့်လုပ်နိုင်ပြီလို့တော့ ကြားသိထားပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံး PDF တွေသိမ်းယူခဲ့တဲ့ ကောလင်းမြို့ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ အတည်တကျနေထိုင်နိုင်ရေးက စိန်ခေါ်မှု ဖြစ်နေဆဲပါ။

စစ်ကောင်စီက မြို့ကိုပြန်သိမ်းမယ် ဆိုတဲ့သတင်းတွေ ဆက်တိုက်ထုတ်လွှင့်ပြီး ပြည်သူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ကောလင်း PDF တဦးက “သူတို့ပစ်တဲ့အနေအထားအရတော့ Location ထောက်ပစ်တာလို့ ခန့်မှန်းရတာပေါ့။ အဖွဲ့အစည်းတွေရှိတဲ့နေရာ အဲဒီလိုမျိုးကြီးပဲကျတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနားလေးမှာ ကိုယ့်အဖွဲ့အစည်းတွေရှိတာမျိုးတို့ နောက်ပြီးတော့ တာဝန်ခံကြီးကြီးမားမား ရှိတဲ့နေရာမျိုးတို့ အဲဒီလိုနေရာမျိုး ယူဆပြီးပစ်တယ်လို့ ထင်တာပဲ။ ကောလင်းကို ပြန်ယူမယ်လို့ သတင်းရထားတယ်။ အဲဒါကလည်း စစ်ရေးအရဆိုတော့ ခန့်မှန်းချက်ပဲ ပြောကြတာပဲ။ တခါကျရင် ဝန်းသိုနဲ့ ကောလင်းကြားမှာ စစ်ကြောင်း ၃ ကြောင်းလောက်ထိုးတယ်။ ပြီးရင် ၂ ကြောင်းလောက်ထိုးတယ်။ တကြောင်း ပြန်သိမ်းတယ်။ ပြီးရင် ပြန်ပေါင်းတယ်။ ပြီးတော့ သူတို့တွေ ဝန်းသိုနဲ့ မီတာ ၄၀၀-၅၀၀ အကွာမှာတော့ လုံးဝအမြဲရှိတယ်။ အထူးသဖြင့် မိုးကောင်းတောင်ပေါ့။ သူက ဆုတ်လည်းမဆုတ်သွားဘူး။ ထိုးလည်းမထိုးလာဘူး။ ကောလင်းဘက်ကို ပြန်သိမ်းမယ်ပေါ့။ စစ်ဆင်ရေးတွေလုပ်ဖို့အတွက် အကုန်လုံး လုပ်ထားတယ်လို့လည်း ကျနော်တို့ သတင်းရတယ်။ ဒါကလည်း စစ်ခြောက်လှန့်မှုပေးတာလား၊ ပြည်သူတွေကို တုန်လှုပ်သွားစေနိုင်တယ်ဆိုတဲ့ စကားမျိုးကြောင့် ပေးတာလားဆိုတာတော့ ကျနော်လည်းမသိဘူး ဖြစ်တယ်ဗျ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်နယ်စပ် ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ကသာနယ်တွေမှာ နေ့စဉ် တိုက်ပွဲတွေရှိနေပြီး ဒီမြို့နယ်တွေကို လက်လွှတ်ရရင် ပြန်သိမ်းဖို့ ပထဝီအနေအထားအရပါ အခက်အခဲရှိနေတဲ့အတွက် စစ်ကောင်စီက လက်မလျှော့နိုင်ဖြစ်နေတာပါ။

စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက “ကျနော်တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကတော့ အရေအတွက်နည်းတော့ အာရုံအစိုက်ခံရတယ်ဆိုတဲ့ အခြေအနေတော့ ကြုံရမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ အခု SDB ဘဏ်က မြေပြင်မှာ အလုပ်လုပ်နိုင်ဖို့အတွက် NUG အခွန်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပထမဦးဆုံးမြေပြင်ဘဏ်ခွဲလို့လည်း ကြေညာလိုက်တော့ အာရုံစိုက်ခံရချင်တော့ ခံရလိမ့်မယ်ဆိုတာ ကျနော်တို့ တွက်ထားပြီးသားပါ။ စစ်ကောင်စီ ကတော့ သူတို့ ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေအတွက်ကတော့ ရပ်တည်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ ဖျက်လိုဖျက်ဆီး လုပ်မှာပဲလေ။ ဒါက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ တရားဝင်ကြေညာပြီး တရားဝင် တည်ထောင်ထားတဲ့နေရာတွေတောင် ဒီလိုလုပ်တာဆိုတော့ ကျန်တဲ့ သာမန် နေရာတွေလည်း ဒီလိုရပ်တည်လို့မရအောင် ဒုက္ခပေးနေတာပဲလေ။ အဲဒီတော့ ၄ မြို့နယ် အတွက်တော့ အထူးပြောစရာမလိုပါဘူး။ အဝေးပစ်လက်နက် ဟောင်ဝစ်ဇာ အုပ်စုဝင်လက်နက်တွေနဲ့ ရပ်တည်လို့မရအောင် ပြည်သူကို ခြိမ်းခြောက်တဲ့သဘောမျိုးနဲ့ တိုက်ခိုက်နေတာ အောက်တန်းကျကျ ဆောင်ရွက်နေတာ စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ ဆောင်ရွက်နေတာ။ ဒါကတော့ အားလုံးကြားသိပြီးသားပဲဖြစ်တယ်”လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ယာယီအပစ်ရပ်ထားတဲ့အတွက် စစ်ကောင်စီက စစ်ကိုင်း၊ ရခိုင်၊ မြန်မာပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အင်အားဖြည့်တင်း တိုက်ခိုက်တာတွေပိုလုပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အချိန် ၂ လကျော်အတွင်း သိမ်းယူထားတဲ့ မြို့ပေါင်း ၃၀ ကို ထိန်းနိုင်ဖို့ အားစိုက်ရဦးမယ့် အနေအထားဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013