DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် စစ်ကောင်စီ ထောက်ပံ့ငွေ မရရှိသေး
DVB
·
February 19, 2025
မွန်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် စစ်ကောင်စီ ထောက်ပံ့ငွေ မရရှိသေး
Donate to DVB

မွန်ပြည်နယ်ထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေသူတွေအတွက် စစ်ကောင်စီအနေနဲ့ စစ်ရှောင်တယောက်ကို ငွေကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ကြေညာထားပေမဲ့ လက်ရှိအချိန်ထိ မရရှိသေးကြောင်း မွန်စစ်ရှောင်တွေထံက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ မွန်ပြည်နယ်ထဲက စစ်ဘေးတိမ်းရှောင်နေရသူတွေကို လစဥ်ထောက်ပံ့ငွေ ပေးအပ်သွားမှာဖြစ်ကြောင်း ပြောဆိုထားပေမဲ့ လက်ရှိအချိန်ထိ မြေပြင်ကွင်းဆင်းကာ စစ်ရှောင်စာရင်း လိုက်ကောက်တာတောင် မရှိသေးဘူးလို့ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာမှ မိသားစုလိုက် စစ်ဘေးရှောင်နေသူတယောက်က DVB ကို ပြောပါတယ်။

“သူတို့ဘက်က စစ်ဘေးရှောင်တွေအတွက် လစဥ်ထောက်ပံ့ငွေ ပေးမယ်ဆိုပြီး သတင်းသာ လွှင့်နေတာ၊ အခုထိ ဘယ်သူမှ စာရင်းလာကောက်တာ မရှိသေးဘူး။ အမှန်တကယ်ဆိုရင် ဘယ်နေရာမှာ စစ်ရှောင် ဘယ်လောက်ရှိနေလဲ၊ ဘာတွေခက်ခဲနေလဲ ဆိုတာ စာရင်းလိုက်ကောက်ပြီး မေးရမှာပေါ့။ ကျနော့်အထင်ပြောရရင် လုပ်ကွက်ပြတယ်လို့ပဲ မြင်တယ်။”

မွန်ပြည်နယ်အတွင်း နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေအတွက် ထောက်ပံ့ငွေကျပ် ၃၇၅ ဒသမ ၈၆ သန်းကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်က ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေက ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေရပြီး တချို့စစ်ဘေးရှောင်တွေမှာ နေရပ်မပြန်နိုင်တာ ၂ နှစ်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ရေးမြို့နယ်၊ ကမ်းနီကျေးရွာမှ စစ်ရှောင်တယောက်က “ကျနော်တို့ဘက်မှာက လက်ရှိအချိန်ထိ ပရဟိတအသင်းတွေ ကူညီထောက်ပံ့ပေးတာကလွဲရင် ဘာမှမရှိဘူး။ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သူတွေနဲ့ မြို့ပေါ်မှာ စစ်ရှောင်တဲ့သူတွေလောက်ပဲ ရကြမှာပေါ့။ ဥယျာဥ်ခြံနဲ့ ရွာတွေဘက် စစ်ဘေးရှောင်တဲ့သူတွေကတော့ ရနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနဲ့ ကျိုက်မရောမြို့နယ်တွေမှာ လတိုင်းနီးပါး တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေ ရှိနေသလို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဒေသခံပြည်သူ ၈ ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ် စာစဥ်က ဖေဖော်ဝါရီ ၆ ရက် သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013