DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဌာန လက်အောက်က တပ်ရင်းအချို့ နုတ်ထွက်
DVB
·
February 13, 2025
NUG ကာကွယ်ရေးဌာန လက်အောက်က တပ်ရင်းအချို့ နုတ်ထွက်
Donate to DVB

လက်နက်တပ်ဆင်မပေးနိုင်မှုနဲ့ တပ်အပြောင်းအရွှေ့ကိစ္စရပ်တွေ အပါအဝင် တခြားကိစ္စတွေကြောင့် အလယ်ပိုင်းစစ်ဒေသနဲ့ တောင်ပိုင်းစစ်ဒေသက တပ်ရင်း ၄ ရင်း  NUG ကာကွယ်ရေးဌာန လက်အောက်ကနေ  နုတ်ထွက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်မှာ အနည်းဆုံး ၂ နှစ်နဲ့ အများဆုံး ၃ နှစ်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်ရင်း ၄ ရင်း နုတ်ထွက်ခဲ့ကြတာပါ။

NUG ရဲ့ တောင်ပိုင်းစစ်ဒေသထဲ ပါဝင်တဲ့ ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့က ဇန်နဝါရီ ၂၉ ရက်မှာ နုတ်ထွက်ခဲ့ကြပြီး အလယ်ပိုင်းစစ်ဒေသထဲက အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) နဲ့ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) တို့ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နုတ်ထွက်ခဲ့ကြတာပါ။

အဲဒီထဲက NUG ရဲ့ အလယ်ပိုင်းစစ်ဒေသ၊ ရှမ်းတောင်မှာအခြေစိုက်တဲ့ SSPDF နဲ့ SSRY တို့ကတော့ MOD က အုပ်ချုပ်ထောက်ပံ့မှု ကောင်းကောင်းမပေးနိုင်တာရယ်၊ ရှမ်းတောင်ဒေသကို မြန်မြန်ထိုးဖောက် ဝင်ရောက်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်လို့ ပြောပါတယ်။

SSRY စစ်ထောက် စိုင်းဆိုင်ဖက “လက်ရှိ ပကတိအခြေအနေအထားအရ ကျနော်တို့ ရှမ်းတောင်နဲ့ ကရင်နီပြည်ကြားမှာရှိတဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆက်လက် တွန်းလှန်သွားမှာဖြစ်တယ်။ MOD ကနေ နုတ်ထွက်ပြီးတော့မှလည်း တော်လှန်ရေးက ရပ်နားသွားမှာ မဟုတ်ဘူးပေါ့နော်။ ဒါကိုလည်း ကတိလည်း ပေးတယ်ပေါ့နော်။ ဒါကို ဆက်လက်တွန်းလှန်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

SSRY အနေနဲ့ NUG ကို တော်လှန်ရေးအစိုးရအနေနဲ့ လေးစားလက်ခံကြောင်းနဲ့ ပထဝီလိုအပ်ချက်အရ ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) နဲ့ ပူးပေါင်းစုဖွဲ့လိုက်တာလို့ ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသဘက်မှာတော့ ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့ဖြစ်ပြီး အဲဒီဘက်မှာလည်း လက်နက်ခဲယမ်း တပ်ဆင်မပေးနိုင်တဲ့အပိုင်း ပါဝင်သလို တပ်အပြောင်းအရွှေ့ မလုပ်လိုတာကြောင့် နုတ်ထွက်ရတာလို့ သိရပါတယ်။

အရင် ကျားဖြူစစ်ကြောင်းတာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက “စစ်ဆင်ရေးက ရှိနေသေးလျက်နဲ့ ကျနော်တို့က ဒီကရင်ပြည်နယ်ကို ဥပေက္ခာပြုပြီးတော့ သွားလိုက်မယ်ဆိုရင် ဒီကနေ ကရင်ပြည်နယ်ကို ဘယ်သူ ကာကွယ်မလဲဆိုတဲ့ ကျနော်တို့ အတွေးမှာ ရှိတာဗျ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က လိုက်ပါမဆောင်ရွက်၊ သူတို့ တပ်ရွှေ့တဲ့အခါကျတော့ ကျနော်တို့ မလိုက်ပါခြင်း ဖြစ်တယ်ပေါ့။ အဲဒါ မလိုက်ပါခြင်းဖြစ်တဲ့အတွက် ကျနော်တို့ တပ်အားလုံးကနေပြီးတော့ အပြီးအပိုင် နုတ်ထွက်လိုက်တာပေါ့” လို့ ပြောပါတယ်။

ဗိုလ်ကျော်ဟိန်း ဦးဆောင်တဲ့ စစ်ကြောင်းကတော့ စုစုပေါင်းအင်အား ၈၀၀ ဝန်းကျင်နဲ့အတူ တပ်မဟာ ၆ နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက် ဦးဆောင်တဲ့ အမှတ် ၃၁ ဗျူဟာကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်သွားမှာလို့ ပြောပါတယ်။

ဂဠုန်စစ်ကြောင်းကတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ COC အောက်ကနေ မွန်ပြည်နယ်နဲ့ တခြား တိုင်းနဲ့ပြည်နယ်တွေအထိ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ NUG ဘက်ကို DVB က စာပေးပို့ မေးမြန်းထားပေမဲ့ သတင်းရေးသားချိန်ထိ အကြောင်းပြန်တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ “နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်း” မှာတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလို ပြောခဲ့ပါတယ်။

“တော်လှန်ရေးထဲမှာ တထောင့်တနေရာကနေ ဆက်ပြီးတော့ အလုပ်လုပ်နေတယ်ဆိုရင် MOD ရဲ့ COC အောက်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီတပ်ဖွဲ့တွေကိုလည်း ကျနော်တို့ တန်ဖိုးထားပါတယ်။ တခုရှိတာကတော့ MOD က တပ်ဆင်ပေးထားတဲ့ လက်နက်တွေရှိတယ်။ ဒီလက်နက်တွေကို‌တော့ MOD ကို ပြန်အပ်ဖို့ပေါ့။”

လက်နက်ကိစ္စနဲ့ပတ်သက်လို့  DVB က မေးမြန်းခွင့်ရခဲ့တဲ့ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) နဲ့ ဗိုလ်ကျော်ဟိန်း စစ်ကြောင်းတို့က သူတို့အနေနဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ ရှိခဲ့ရသလို  MOD ကနေ ရရှိခဲ့တဲ့ လက်နက်တွေအားလုံးကို ပြန်အပ်ခဲ့ပြီးပြီလို့ ပြောပါတယ်။

အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ထပ်တိုးလာတဲ့ တပ်ရင်းတွေရှိသလို အခုလို အကြောင်းအရင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့တဲ့ တပ်ဖွဲ့တွေလည်း ရှိနေပေမဲ့ စာရင်းအတိအကျကိုတော့ ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013