
ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းဟာ ကမ္ဘာ့မြို့ကြီးတွေအကြား လေထုညစ်ညမ်းမှု ထိပ်ဆုံးနေရာမှာ ရပ်တည်နေကြောင်း ထိပ်တန်းလေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ iQair က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
iQair အဖွဲ့ဟာ လေအရည်အသွေးညွှန်းကိန်း (AQI) ကို အသုံးပြုပြီး လေထုညစ်ညမ်းမှု အဆင့်တွေကို ခြေရာခံကာ လေထုအရည်အသွေးအဆင့်ကို သတ်မှတ်ပေးတာပါ။
မီးခိုးမြူတွေက မြို့တော်မှာ အမြဲလိုလို ဆက်လက်တည်ရှိနေတာကြောင့် မြို့ခံတွေနဲ့ ခရီးသွားတွေဟာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပျက်မှုတွေကို ရိုက်တာကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
“ဟနွိုင်းမှာ ခဏလောက်နေမယ်ဆိုရင်တောင် ညစ်ညမ်းတဲ့ လေထုကြောင့် ကျန်းမာရေးကို ထိခိုက်စေမှာ သေချာနေပြီး အချိန်တိုင်း မျက်နှာဖုံးတပ်ထားရတယ်” လို့ အသက် ၂၉ နှစ်ရှိ ခရီးသွား ချန်တွမ်န်အိုင်းန်က ပြောပါတယ်။
လမ်းပေါ်မှာလည်း မော်တော်ယာဥ်တွေ များပြားလွန်းတာကြောင့် လေထုကို ဆိုးဆိုးရွားရွား ညစ်ညမ်းစေတယ်လို့လည်း ဆိုပါတယ်။
မြို့တော် ဟနွိုင်းမှာ လူဦးရေ ၉ သန်းနီးပါးနဲ့ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ် ၈ သန်းကျော်ရှိတဲ့အပြင် စိုက်ပျိုးရေးနဲ့ အိမ်သုံးအမှိုက်တွေကို မီးရှို့တာကြောင့် လေထုအရည်အသွေး ပိုမိုဆိုးရွားလာတဲ့အပြင် စက်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပြီး မြို့တော်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြေရှင်းဖို့ အလုံးစုံချဉ်းကပ်မှု လိုအပ်နေကြောင်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
Source : Reuters










