DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက သပိတ်ကျင်း၊ တွင်းငယ်ရွာကို ပြန်ထိန်းချုပ်ရန် ကြိုးစား
DVB
·
February 8, 2025
စစ်ကောင်စီက သပိတ်ကျင်း၊ တွင်းငယ်ရွာကို ပြန်ထိန်းချုပ်ရန် ကြိုးစား
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ အနီးဝန်းကျင်မှာ အရေးကြီးတဲ့ တပ်စခန်းတွေနဲ့ တွင်းထွက်သတ္တုလုပ်ငန်းတွေ ရှိတာကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။ 

တွင်းငယ်ရွာနဲ့ အနီးဝန်းကျင်က စစ်ကောင်စီစခန်းတွေကို အပြန်အလှန်သိမ်းယူမှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီ တန်းမြင့်ပညာသင်ကျောင်း၊ နည်းပညာတပ်၊ ကုတင် ၁၀၀ ဆေးရုံတို့တည်ရှိတာ၊ ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေတည်ရှိတာကြောင့် စစ်ကောင်စီက လက်မလွှတ်ဘဲ ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

 ၂၀၂၄ ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက တွင်းငယ်ရွာကို ပြန်သိမ်းခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ PDF တွေက ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားခဲ့တာပါ။ တွင်းငယ်ဒေသဟာ ဧရာဝတီမြစ်ကမ်းအနီးမှာတည်ရှိပြီး စစ်ကောင်စီရဲ့ ရေလမ်းအသုံးပြုနိုင်ရေးမှာလည်း အရေးပါတဲ့နေရာဖြစ်ပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “တွင်းငယ်မှာကတော့ ၂ ဖက်ဆိုင်ထားတာက ကြာပြီ။ တွင်းငယ်ရဲ့မြောက်ဘက် ဒေါ်အေးစိန်ချောင်းရဲ့ တောင်ဘက်က စကစ၊ မြောက်ဘက်က တော်လှန်ရေးရဲဘော်တွေ၊ အဲ့ဒီမှာ ကျည်တကမ်းပဲရှိတယ်၊ အဲ့ဒီလိုအနေအထား ဖြစ်နေတာကြာပြီ။ ပြည်သူတွေက အဲ့ဒီမှာ မရှိတော့ဘူး။ ပြည်သူမရှိတဲ့ နေရာတွေက ၇ မိုင်မှာ မရှိဘူး၊ အုန်းနှဲကူး-အုန်းပိုင်ရွာမှာမရှိဘူး။ တွင်းငယ်မှာလည်း ပြည်သူက ရှောင်ထားတာကြာပြီ။ စကစ စိုးမိုးနယ်မြေနဲ့ တော်လှန်ရေးစိုးမိုးနယ်မြေဆိုပြီးတော့ ဒေါ်အေးစိန်ချောင်းလေး ခြားပြီးတော့ ရှိတာတော့ရှိတယ်။ တပ်မတော်တန်းမြင့်ပညာသင်ကျောင်းပေါ့။ တွင်းငယ်ရဲ့ အရှေ့တောင်ဘက်နားလေး ၂ မိုင်ခွဲ ၃ မိုင်နီးပါးမှာရှိတယ်။ ကျောက်ကြီးရွာရဲ့တောင်ဘက်မှာ နည်းပညာတပ်ဆိုတာရှိတယ်။ အဲ့ဒီကနေပြီးတော့ အနောက်တောင်ဘက်ကိုဆင်းလိုက်ရင် ၇ မိုင်ရှိမယ်၊ ပြီးတော့ ကုတင် ၁၀၀ ဆေးရုံရှိမယ်၊ အဲ့ဒီနေရာတွေမှာတော့ သူတို့ရှိမယ်၊ မိုးကုတ်ဘက်က ပြေးလာတဲ့ စကစတွေရော၊ မိုးမိတ်ဘက်က ပြေးလာတဲ့ စကစတွေရော၊ တကောင်းဘက်က ပြေးလာတဲ့ စကစတွေရော၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းဘက်က ပြေးတဲ့ စကစတွေရော၊ ပျူတွေရော အဲ့ဒီမှာစုနေတာ၊ ခုနက ကျနော်ပြောတဲ့ အဝန်းအဝိုင်းပေါ့။ ၁၅ မိုင်အလျား အနံ ၉ မိုင်ကျော်ပေါ့၊ လေယာဉ်နဲ့တော့ မကြာခဏဆိုသလိုပဲ လာလာကြဲတာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းထဲက လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်ရဖို့ ၂၀၂၄ စက်တင်ဘာလကတည်းက အပြင်းအထန်ကြိုးစားခဲ့ပေမဲ့ PDF တွေက ပြန်လက်မလွှတ်ဘဲ ခုခံနေတာပါ။ 

မြေပြင်က သတင်းအချက်အလက် ပေါက်ကြားတာတွေရှိတဲ့အတွက် စစ်ကောင်စီက PDF စခန်းတချို့ကို နေရာအတိအကျ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း-၇ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက “ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အဓိကကတော့ ရန်သူ့သတင်းရရမယ်ဗျာ၊ ကိုယ့်သတင်းလုံခြုံရမယ်ပေါ့၊ ဒီလိုမျိုးဖြစ်နေတယ်။ ကိုယ့်ဘက်ကသတင်း မလုံခြုံသလိုဖြစ်နေတယ်၊ ဒါကြောင့်လည်း ကျနော်တို့က တိတိကျကျ ပစ်တာကို ခံရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အလုံးစုံ လွတ်မြောက်မှု မရသေးဘူး။ အလုံးစုံလွတ်မြောက်မှုရတဲ့ ရှမ်းမြောက်လိုနေရာမျိုးတောင်မှ တိတိပပ လာကြဲတာဆိုတော့ ကျနော်တို့က သိုသိပ်လေကောင်းလေပဲ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက လောလောဆယ် လက်နက်ကြီးတွေ ကားကား ကားကား သွားတာမျိုးတွေ၊ ဒါတွေက ရှောင်ကျဉ်ရမှာ၊ ဒါအရေးအကြီးဆုံးအချက်ပဲ ကျနော်တို့က၊ သူတို့ဘက်က စစ်ကြောင်းထိုးဖို့အားလျော့နေတာ၊ တိတိပပမထိုးဘူး။ အနေအထိုင် ပိရိလို့ရှိရင် ဒီကောင်တွေ Location ရှာမရဘူး။ ဖုန်းသုံးတာကအစ ဆင်ခြင်ရမယ်၊ ဒီလိုကိစ္စတွေ ကျနော်တို့ဘက်က ဆင်ခြင်နိုင်လို့ရှိရင် သူတို့တွေတိုင်ပတ်နေမှာပဲ။ သူတို့တွေလာမယ်ဆိုရင် ကျနော်တို့ကဆော်ရုံပဲ ဖြတ်တောက်ပြီးတော့၊ ဒါမျိုးပေါ့။ ဒီလိုစနစ်လေးတွေ လတ်တလောကျင့်သုံးဖို့ လိုမယ်လို့တော့ ပြောချင်တယ်” လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ကို တအာင်းအမျိုးသားလွတ်မြောက်တပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တို့ပါဝင်တဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ ဒုတိယပိုင်းအတွင်း ထိန်းချုပ်ခဲ့တာပါ။ 

မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ ရှမ်းပြည်နယ်စပ်နောင်ချိုတို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးတို့ ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတယ်လို့ ဇန်နဝါရီလကုန်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်း မြေပြင်စစ်ရေးအခြေအနေတွေကို မန္တလေး PDF က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013