DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေသဖြင့် ဒေသခံသောင်းနှင့်ချီထွက်ပြေးနေရ
DVB
·
February 8, 2025
ဘုတလင်တွင် စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေသဖြင့် ဒေသခံသောင်းနှင့်ချီထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် သောင်းချီတဲ့ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဘုတလင်မြို့နယ် ပအဖ) အဖွဲ့ဝင်တယောက်က “တိုက်ပွဲတွေဖြစ်တော့ ပြည်သူတွေကကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ စစ်ကြောင်းကလည်း ထပ်ဝင်နေတာတွေရှိနေတာရယ်၊ စစ်တပ်ကအထိနာရင် ပြည်သူကိုရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ စီပါရွာဖြစ်စဉ်က ရှေ့မှာနမူနာရှိထားတော့ ပြည်သူတွေကလည်းကြောက်ပြီး ထွက်ပြေးကြတာပါ။ တိုက်ပွဲပြီးတော့လည်း မုံရွာ နမခ ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိခဲ့လို့ ပြည်သူတွေပြေးကြတာ။ နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ တခြားနေရာတွေမှာ အဆင်ပြေသလို နေနေကြရတာပေါ့။ စစ်ဘေးရှောင်ရတဲ့ရက် နည်းနည်းရှည်သွားရင်တော့ အဆင်မပြေတာတွေဖြစ်လာမှာပေါ့ဗျာ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲက ကျီးပင်ချောင်၊ နေပူကုန်း၊ ရွှေချောင်းလည်၊ ကံသစ်၊ ဇီးတော၊ ထနောင်းကုန်း၊ ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ သရက်တိုရိုး၊ ကံသစ်ရွာမ၊ ကံသစ်အရှေ့၊ ကံသစ်အနောက်တော၊ အောင်ချမ်းသာ၊ ဆင်ဝင်၊ ရွာရှည်၊ မှန်တော၊ ဆုန်ကုန်းနဲ့ သားရိုးကုန်းကျေးရွာတို့က ဒေသခံပြည်သူ သောင်းနဲ့ချီပြီးထွက်ပြေးနေကြရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာ  ဘုတလင်မြို့နယ်ထဲက မုံရွာ-ဘုတလင်-ရေဦးလမ်း၊ ကျီးပင်ချောင်နဲ့ သားရိုးကုန်းကျေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားခဲ့ပြီးနောက်ပိုင်း မုံရွာ နမခ ထဲကနေ စစ်ကား ၃ စီးနဲ့ ဘုတလင်ဘက်ကို စစ်ကြောင်းထိုးနေသလို ဘုတလင်မြို့ပေါ်ကနေလည်း မုံရွာဘက်ကိုစစ်ကြောင်းထိုးနေလို့ မုံရွာ-ရေဦးနဲ့ မုံရွာ-ဘုတလင်မြို့ကြားမှာရှိတဲ့ ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း (Battalion Of Budalin-BOB) ရဲ့ တာဝန်ခံတယောက်က “တပ်ချိန်းဖို့ မုံရွာ နမခ ထဲကနေ အင်အား ၈၀ နဲ့ထွက်လာတဲ့စစ်ကြောင်းကို သတင်းရလို့ ဖြတ်တိုက်ခဲ့တဲ့ အခါတုန်းက သူတို့ဘက်က ၁၀ ယောက်ထက်အနည်းသေခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတော့ သူတို့ဘက်ကအခဲမကြေဘူးဖြစ်မှာပေါ့ဗျာ။ အဲ့ဒါကြောင့်လည်း ထပ်ပြီးစစ်ကြောင်းဝင်တာ။ အဲဒီ တိုက်ပွဲတုန်းက ကျနော်တို့ဘက်က ပေ ၃၀၀ လောက်အကွာကနေ အနီးကပ်ဖြုတ်ခဲ့တာ။ ဒါပေမယ့် ကျနော်တို့ဘက်က လက်နက်ကြီးတွေပါမလာတာရယ် ကျည်မလုံလောက်တာရယ်​နဲ့ ရဲဘော် ၂ ယောက်လည်း ဒဏ်ရာရလို့ ပြန်ဆုတ်ခဲ့ရတာ။ သူတို့ဘက်က လက်နက်တွေဘာတွေ မကောက်ခဲ့ရဘူး။ ကျနော်တို့ဆီက လက်နက်နဲ့အဖွဲ့တွေသာစုံရင်  သူတို့စစ်ကြောင်းတကြောင်းလုံးပြုတ်တာပေါ့” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း (Battalion Of Budalin-BOB) နဲ့အတူ ဒေသခံ ရပ်ကျေးပကဖ က ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေထပ်ဖြစ်လာနိုင်သေးတဲ့အတွက်လည်း ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေနဲ့ လေကြောင်းရန်တွေကို သတိထား နေထိုင်ကြဖို့လည်း ဘုတလင်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက သတိပေးတိုက်တွန်းထားတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013