DVB Logo
Home
နိုင်ငံတကာ
လိင်ပြောင်းထားသူများ အမျိုးသမီးအားကစားပြိုင်ပွဲ ဝင်ပြိုင်ခွင့် ထရမ့်ပ် ပိတ်ပင်
DVB
·
February 6, 2025
လိင်ပြောင်းထားသူများ အမျိုးသမီးအားကစားပြိုင်ပွဲ ဝင်ပြိုင်ခွင့် ထရမ့်ပ် ပိတ်ပင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ လိင်ပြောင်းလဲထားတဲ့ Transgender အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီအမိန့်ဟာ Title IX ခေါ် ပညာရေးနယ်ပယ်မှာ လိင်ခွဲခြားဆက်ဆံမှုကို တားမြစ်ထားတဲ့ ဥပဒေကို  အဓိပ္ပာယ်ဖွင့်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ပ်က အမိန့်လက်မှတ်ထိုးပွဲမှာ အမျိုးသမီးနဲ့ မိန်းကလေး ၁၀၀ ခန့် တက်ရောက်ခဲ့ကြပြီး မိန်းကလေးငယ်တွေက ကျောင်းယူနီဖောင်းနဲ့ အားကစားဝတ်စုံတွေ ဝင်ဆင်ထားကြတာ တွေ့ရပါတယ်။

“အမျိုးသမီးအားကစားအပေါ် စစ်ဆင်နွှဲမှု အဆုံးသတ်သွားပြီ” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

“ယောက်ျားကြီးတွေက အမျိုးသမီးအားကစားသမားတွေကို အနိုင်ယူနေတာ ကျုပ်တို့အစိုးရက ရပ်ကြည့်နေမှာ မဟုတ်ပါဘူး” လို့ပါ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ဒီအမိန့်အရ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ လိင်ပြောင်းအမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုတဲ့ ကျောင်းတွေကို ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားက လိင်ပြောင်းအမျိုးသမီး အားကစားသမားတွေကိုလည်း အမေရိကန်မှာ ယှဉ်ပြိုင်ဖို့ ဗီဇာထုတ်ပေးတာကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

ဒီအမိန့်ထုတ်ပြန်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ Amnesty International က ဒီအမိန့်ဟာ LGBTQ+ လူနည်းစုတွေကို ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။

အမေရိကန်ရဲ့ နိုင်ငံလုံးဆိုင်ရာ ကောလိပ်အားကစားသမားများအသင်း (NCAA) ဥက္ကဋ္ဌရဲ့ အဆိုအရ အဖွဲ့ဝင်ကျောင်း ၁,၀၀၀ ကျော်က အားကစားသမား ၅ သိန်းကျော်မှာ  လိင်ပြောင်းအားကစားသမားက ၁၀ ယောက်ထက်နည်းတယ်လို့ ဆိုပါတယ်။

အများဆုံး သက်ရောက်မှုရှိမယ့် NCAA ကတော့ သူတို့ရဲ့မူဝါဒတွေကို ဒီအမိန့်နဲ့အညီ ပြင်ဆင်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ လိင်ပြောင်းအားကစားသမားတွေ အမျိုးသမီးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး ဗိုလ်စွဲတာက အမေရိကန်မှာရော ကမ္ဘာတလွှားမှာပါ ငြင်းခုန်စရာကိစ္စ ဖြစ်နေပါတယ်။

ဒီအမိန့်ဟာ တရားရုံးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒါဟာ သမ္မတ ထရမ့်ပ်ရဲ့ လိင်ပြောင်းသူတွေအပေါ် ကန့်သတ်ချက်တွေချမှတ်တဲ့ အမိန့်တွေထဲက နောက်ဆုံးတခု ဖြစ်ပါတယ်။

ဒီ့အရင်က အသက် ၁၉ နှစ်အောက် လိင်ပြောင်းသူတွေအတွက် ပြောင်းလဲမှု ကျန်းမာရေးအကူအညီ ရပ်ဆိုင်းတဲ့အမိန့်နဲ့ စစ်တပ်ထဲမှာ လိင်ပြောင်းသူတွေ တာဝန်ထမ်းဆောင်ခွင့်ကို ပိတ်ပင်တဲ့အမိန့်တွေလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

အစိုးရဝန်ထမ်းတွေကိုလည်း “ကျား” နဲ့ “မ” နှစ်မျိုးသာ သတ်မှတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ ဒီအမိန့်က ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအထိ သက်ရောက်မှု ရှိနိုင်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013