DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီး ၄ နာရီပေး၊ ၄ နာရီပျက်စနစ် ပြန်ဖြစ်
DVB
·
February 5, 2025
ရန်ကုန်တွင် လျှပ်စစ်မီး ၄ နာရီပေး၊ ၄ နာရီပျက်စနစ် ပြန်ဖြစ်
Donate to DVB

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပေးချိန်ကို အရင်ပုံစံအတိုင်း ၄ နာရီပျက်၊ ၄ နာရီလာစနစ်နဲ့ မီးပြန်ပေးနေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေထံက သိရပါတယ်။

အခုလ ၂ ရက်နေ့ကစပြီး ရန်ကုန်မြို့က မြို့နယ်အများစုမှာ တရက်တာ မီးပေးချိန်ဇယားကို ၈ နာရီပျက်၊ ၈ နာရီပေးအစား ၄ နာရီပျက်၊ ၄ နာရီလာဆိုတဲ့ အရင်အချိန်ဇယားအတိုင်း မီးပြန်ပေးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရွှေပေါက္ကံမြို့ခံတယောက်က “၂ ရက်နေ့က တနေကုန် မီးပေးထားတာ။ နာရီဝက်လောက် ပျက်တာပဲရှိတာ။ အရင်လိုပဲ မီးပျက်တော့မယ်ထင်ပြီး ဖုန်းအားသွင်း၊ ပါဝါဘန့်သွင်း၊ ထမင်းချက်တာ အမြန်လုပ်ရတာ။ အဲဒီနောက်ပိုင်း ဒီနေ့အထိ အရင်လို ၉ နာရီလာ၊ နေ့လယ် ၁ နာရီ မီးပျက်တဲ့ပုံစံမျိုး ပြန်ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဒီလို လျှပ်စစ်မီးကို အရင်ကအတိုင်း ပြန်လည်ပေးနိုင်တာဟာ အထက်က ညွှန်ကြားလာတာကြောင့်ဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိဘဲ ဓာတ်အား ပိုမိုထုတ်လုပ်လာနိုင်တာကြောင့် အရင်အတိုင်း ပြန်ပေးတာလို့ အင်းစိန်မြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်းတယောက်က ပြောပါတယ်။

“သေချာတော့ မသိဘူး။ လျှပ်စစ်ဓာတ်အား ပိုထုတ်လာနိုင်လို့ အထက်က မီးပေးချိန်ကို အရင်လို ၄ နာရီပေး၊ ၄ နာရီပျက် ပုံစံအတိုင်း ပြန်ပေးဖို့ ပြောလာတာ။ တချို့ကြားတာကတော့ ဓာတ်ငွေ့သင်္ဘောဆိုက်လို့ မီးပိုပေးလိုက်တာလို့ ပြောတာတွေလည်း ရှိတယ်။”

အရင်လို ၄ နာရီပျက်၊ ၄ နာရီအတိုင်း လျှပ်စစ်မီးပုံမှန်ရရှိပေမဲ့ မီးအားမပြည့်တာ၊ မီးအား ရုတ်တရက် ထိုးကျသွားတာတွေ ရှိနေတဲ့အတွက် ရှော့ခ်ဖြစ်တာတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတာတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းက လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်မှုဟာ တရက်ကို မဂ္ဂါဝပ် ၂,၀၀၀ အထက် ရှိခဲ့ရာက ၂၀၂၅ နှစ်စပိုင်းမှာတော့ လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထုတ်လုပ်နိုင်မှုဟာ တရက်ကို မဂ္ဂါဝပ် ၂,၀၀၀ အောက်ကို ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ နိုင်ငံလိုအပ်ချက်အရ တရက်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှလိုအပ်ချက်ဟာ ၄,၄၀၀ မဂ္ဂါဝပ်အထိ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013