DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းစာရင်း ကောက်နေသဖြင့် လူငယ်အမျိုးသမီးများ မလုံခြုံမှု ခံစားနေရ
DVB
·
February 5, 2025
စစ်မှုထမ်းစာရင်း ကောက်နေသဖြင့် လူငယ်အမျိုးသမီးများ မလုံခြုံမှု ခံစားနေရ
Donate to DVB

အမျိုးသမီးတွေ စစ်မှုထမ်းဖို့ သတင်းတွေ စတင်ထွက်ရှိလာပြီးနောက်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီး လူငယ်တွေအနေနဲ့ နေ့စဉ်ဘဝတွေမှာ စိတ်ရော ကိုယ်ပါ မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်တွေ တိုးလာတဲ့အလျောက် အမျိုးသမီးတွေပါ စစ်မှုထမ်းခိုင်းစေဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် လူငယ်အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝတွေမှာ မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အမျိုးသမီးလူငယ်တွေကို စစ်မှုထမ်းဖို့ အကျုံးဝင်သူများ စာရင်းထဲ ထည့်ပြီး မြို့နယ်၊ ရပ်ကွက်တွေမှာ နာမည်စာရင်းတွေ လိုက်လံကောက်ခံနေတာပါ။

တက္ကသိုလ်တက်ရင် စစ်မှုမထမ်းရဆိုတဲ့ ပြောဆိုချက်တွေကြောင့် ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မသေချာတဲ့ အခြေအနေတွေကြောင့် စိတ်ပူပန်နေရကြောင်း လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

“ညီမတို့ဘက်က ရပ်ကွက်တိုင်းမှာတော့ နာမည်စာရင်းတွေ ကောက်နေပြီ။ ယောကျ်ားလေးရော မိန်းကလေးရော နာမည်စာရင်းတွေပါတယ်။ ပြီးတော့ ကျောင်းတက်နေရတယ် ဆိုတာကလည်း ဒီမှာ ကင်းလွတ်ခွင့်လေးများ ရမလားဆိုတဲ့ စိတ်လေးနဲ့ပေါ့။ မိသားစုတွေတိုင်ပင်ပြီး မတက်မဖြစ် အခြေအနေအရ တက်လိုက်ရတဲ့သူတွေ များပါတယ်။ ဒီလိုပဲ နေနေရတဲ့နေ့တွေက လုံခြုံတယ်၊ စိတ်ချရတယ် ဆိုတာမျိုး လုံးဝမရှိတော့ဘူး။ စိတ်ရော လူရော အမြဲတမ်း စိတ်ပူနေရတယ်၊ အမြဲတမ်း သတိထားနေရတယ်၊ အဲဒီလိုမျိုးပါ။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာ စစ်မှုထမ်းဖို့ အမျိုးသမီးတွေကို စာရင်းတွေ စတင်ကောက်ခံနေပြီး သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း - ယုဇနဥယျာဉ်မြို့တော်နဲ့ ဒလ စတဲ့မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နာမည်၊ အသက်နဲ့ ပညာအရည်အချင်းတွေ လာရောက်ကောက်ယူသွားတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။

အခုလို ကောက်ယူမှုတွေကြောင့် မိဘတွေနဲ့ လူငယ်အမျိုးသမီးတွေက စိုးရိမ်နေသလို လူငယ်တွေ ပျောက်ဆုံးတာလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့အတွက် နေ့စဉ် အလုပ်သွား အလုပ်ပြန်မှာ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

“ကိုယ့်အပြင် တခြားမိန်းကလေး ကိုယ့်သူငယ်ချင်းတွေလည်း များတယ်။ အပြင်ထွက် အလုပ်လုပ်နေတဲ့သူတွေ ဆိုတော့ စိတ်ပူမိတယ်။ သူတို့လည်း လုံခြုံတယ်လို့ မခံစားရဘူးပေါ့နော်။ အလုပ်က မသွားမဖြစ်လို့သာ သွားနေရတာ၊ ဒါပေမဲ့ အိမ်ကိုပြန်ရောက်ပါ့မလား၊ လမ်းမှာတင် အဖမ်းခံလိုက်ရမလား ပူပန်မှုတွေရှိတယ်။ စိတ်လည်း ညစ်မိသလို ရှေ့ဆက်ဖို့ အခွင့်အလမ်းတွေ မရှိတော့သလို ခံစားရတယ်။ စစ်တပ်အပြင် တခြား လူမိုက်ဂိုဏ်းရန်တွေကိုလည်း ကြောက်ရသေးတော့ စိတ်ခံစားချက်ကတော့ တော်တော်လေး ဆိုးတယ်ပဲ ပြောရမယ်။”

ဇန်နဝါရီ ၂၈ ရက် စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလော ခေါ်ယူတာမရှိကြောင်း ပြောဆိုထားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကလည်း စာရင်းကောက်ခံနေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေ အားလုံးကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC အသစ်လုပ်ခွင့်နဲ့ ပြည်ပထွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013