DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပြည်သူအယောင်ဆောင် သွားလာနေသဖြင့် သရက်ခရိုင်တွင်းလမ်းများကို PDF ကန့်သတ်
DVB
·
February 2, 2025
စစ်ကောင်စီက ပြည်သူအယောင်ဆောင် သွားလာနေသဖြင့် သရက်ခရိုင်တွင်းလမ်းများကို PDF ကန့်သတ်
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူအယောင်ဆောင် သွားလာပြီး စစ်ရေးပြင်ဆင်နေတာကြောင့် ခရိုင်ထဲကလမ်းတွေမှာ ညဘက်လုံးဝမသွားဖို့ အပါအဝင် ပြည်သူတွေ လိုက်နာရမယ့်အချက်တွေကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ (United States Of Burma Army - USBA) က ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

USBA ရဲ့ ပြန်ကြားရေးတာဝန်ခံက “သရက်ခရိုင်အတွင်းမှာ ပြည်သူအပေါ်အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတဲ့ စကစတပ်ဖွဲ့ဝင်တွေဟာလည်း ညဘက်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည်သူယောင်ဆောင်ပြီးတော့ အုပ်စုဖွဲ့သွားလာနေတာတွေ တွေ့နေရတယ်။ နေ့ဘက်တွေမှာလည်း ဘုန်းကြီးကားတွေ၊ ပရဟိတကားတွေနဲ့ အိမ်စီးကားတွေအသုံးပြုပြီးတော့ ပုံဖျက်ပြီး သွားလာနေကြတယ်။ ကုန်တင်ကားလိုကားတွေနဲ့လည်း  မိုးကာတွေအလုံပိတ်ပြီး စစ်ရေးအတွက် ပြင်ဆင်နေတာကိုတွေ့နေရလို့ အခုလို သတိပေးချက်ကို ထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သရက်ခရိုင်အတွင်းက သရက်-မင်းတုန်းကားလမ်း၊ သရက်-မင်းလှကားလမ်း၊ ပုသိမ်-မုံရွာကားလမ်း၊ ကံတုပ်-စစ္စနို့ကားလမ်းတို့မှာ ညမှောင်ရီပျိုးစအချိန်ကစပြီး မနက်မိုးမလင်းခင်အချိန်အတွင်း မော်တော်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်တာ လုံးဝမပြုလုပ်ကြဖို့အပြင် နေ့ဘက် မောင်းနှင်ချိန်တွေမှာလည်း မှန်တွေအလုံပိတ်ပြီး မမောင်းကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

ကုန်တင်ယာဉ်တွေအနေနဲ့လည်း မိုးကာတွေအလုံပိတ်မမောင်းကြဖို့၊ အဲဒီလမ်းတွေကို ညအချိန်တွေမှာ အရေးပေါ်သွားလာလိုရင်လည်း USBA ဆီကို ဆက်သွယ်သတင်းပို့ပြီးမှသွားလာကြဖို့နဲ့ အဲဒီကားလမ်းတွေမဟုတ်တဲ့ တခြားမြေနီလမ်းတွေမှာတော့ ကားမှန်တွေချပြီး နေ့ရောညပါ ၂၄ နာရီ အချိန်ပြည့် သတင်းပို့စရာမလိုဘဲ လွတ်လွတ်လပ်လပ်မောင်းနှင်နိုင်ပြီး မော်တော်ဆိုင်ကယ်တွေအနေနဲ့ နေ့ဘက်မှာ ဘယ်လမ်းကမဆို လွတ်လွတ်လပ်လပ် မောင်းနှင်သွားလာနိုင်တယ်လို့ဆိုပါတယ်။

USBA တာဝန်ခံ ကိုဗဟိန်း က “ညဘက်သွားလာကြတဲ့ ဆိုင်ကယ်နဲ့သွားလာကြတဲ့ ပြည်သူတွေကိုလည်း အခက်အခဲအဖြစ်စေရအောင် အများဆုံး အုပ်စုဖွဲ့ဆိုင်ကယ် ၃ စီးသာ တစုတဝေးလွတ်လပ်စွာ သွားလာခွင့်ပြုထားပါတယ်။ အဲဒီကားလမ်းမကြီးတွေရဲ့ လမ်းဘေး ဝဲယာတွေကိုလည်း မလိုအပ်ဘဲ ဝင်ရောက်ရပ်နားတာတွေမလုပ်ဘဲ တက်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ မလိုအပ်ဘဲ ခရီးသွားပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိစေဖို့ ထုတ်ပြန်ထားတဲ့ အချက်တွေကို ပြည်သူအားလုံးလိုက်နာပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ သတိပေးချက်တွေကို မလိုက်နာရင် နောက်ဆက်တွဲထိခိုက်ဆုံးရှုံးမှုတွေကို လုံးဝ တာဝန်ယူမှာမဟုတ်​ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ လှုပ်ရှားသွားလာကြတာကို မြင်တွေ့ကြရင်လည်း သတင်းမပေါက်ကြားစေဖို့ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ပေးကြဖို့ တိုက်တွန်းထားတယ်လို့လည်း USBA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Photo: မကွေးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်များ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013