
၁၉၅၅ ခုနှစ်က ဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာမောင်းနှင်ခဲ့တဲ့ လေခွင်းဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ မာစီးဒီးပြိုင်ကားဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ယူရို ၅၁ သန်းကျော်နဲ့ လေလံအောင်သွားခဲ့ပါတယ်။
ငွေရောင် W196 R Stromlinienwagen ကားဟာ လက်ရှိမှာ ပြည့်စုံတဲ့အခြေအနေနဲ့ ၄ စီးပဲ ကျန်ရှိတဲ့အထဲက တစီး ဖြစ်ပြီး ဂျာမနီ၊ စတူးဂတ်မြို့က မာစီးဒီးပြတိုက်မှာ ဆာ့သ်ဘီးစီလေလံက တာဝန်ယူ ရောင်းချခဲ့တာဖြစ်ပါတယ်။
လေလံအောင်သွားသူရဲ့ နာမည်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ဒီကားဟာ ပြိုင်ပွဲဝင်ဖို့မဟုတ်ဘဲ ပုဂ္ဂလိကစီးနင်းဖို့ လေခွင်းဒီဇိုင်းနဲ့ရနိုင်တဲ့ ပထမဆုံး W196 R ကားအမျိုးအစား ဖြစ်ပါတယ်။
ဒီကားပုံစံနဲ့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရ ဖန်ဂျီယိုက ၁၉၅၅ ခုနှစ် ဗျူနိုးအေးရိစ် ဂရင်းပရီပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲမှာသုံးတဲ့ကားကိုယ်ထည်ကတော့ ဆေးပြင်းလိပ်ပုံစံမျိုး ပိုသွယ်လျရှည်လျားပြီး ဘီးတွေ အပြင်ဘက်ထုတ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။
ဒီကားဟာ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစီးဒီးရဲ့ ‘ငွေရောင်မြားတံ’ ခေတ်ကုန်ဆုံးသွားတဲ့ အမှတ်အသားတခု ဖြစ်ပါတယ်။
လမွန်း ၂၄ နာရီပြိုင်ပွဲမှာ လူ ၈၄ ယောက် သေဆုံးခဲ့တဲ့ မတော်တဆမှုကြောင့် မာစီးဒီးဟာ ၁၉၅၅ ခုနှစ်မှာ မော်တော်ကားပြိုင်ပွဲတွေကနေ နုတ်ထွက်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ အင်ဂျင်ထုတ်လုပ်သူအနေနဲ့ ဖော်မြူလာဝမ်းကို ပြန်လည်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ ကိုယ်ပိုင်အသင်းနဲ့ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်။
Source: Reuters










