DVB Logo
Home
Lead Story
သာမန်အသိတော့ ရှိပေးကြပါ
DVB
·
February 2, 2025
သာမန်အသိတော့ ရှိပေးကြပါ
Donate to DVB

တခါက ယုတ္တိဗေဒသမား၊ သင်္ချာပါရဂူ၊ ရူပဗေဒပညာရှင်နှင့် စိတ်ပညာဆရာတို့ ပါဝင်သော ပညာရှင် ၄ ဦးတဖွဲ့ စကော့တလန်ပြည်သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ လမ်းတွင် တောင်ကုန်းတခုပေါ်၌  မြက်စားနေသည့် သိုးမည်းတကောင်ကို မြင်ကြရသည်။

ထိုအခါ စိတ်ပညာဆရာက “ကြည့်စမ်း စကော့တလန်က သိုးတွေဟာ အမည်းရောင်ဗျ” ဟု ဆိုလိုက်သည်။

သူ့စကားကို ကြားရသောအခါ ရူပဗေဒပညာရှင်က “ခင်ဗျား ဒီလို တရားသေမပြောနဲ့လေ၊ စကော့တလန်ပြည်က တချို့သိုးတွေဟာ အမည်းရောင်တွေလို့ ပြောမှ တိကျမှန်ကန်မှာပေါ့” ဟု ဝင်၍ထောက်သည်။

“ဟာ ဘယ်ဟုတ်မလဲ၊ ခင်ဗျားပြောတာလည်း မတိကျသေးဘူး” ဟု သင်္ချာပါရဂူက ဆိုသည်။ “စကော့တလန်ပြည်မှာ အနည်းဆုံး သိုးမည်းတကောင်တော့ ရှိတယ်‌လို့ ပြောမှ ခင်ဗျား မှန်နိုင်မယ်”

“ခင်ဗျားတို့အားလုံး မခိုင်လုံဘဲ စွတ်‌‌ပြောနေကြတယ်” ယုတ္တိဗေဒသမားက အပြတ်ဝင်ပြောသည်။ “စကော့တလန်ပြည်မှာရှိတဲ့ သိုးတွေထဲမှာ အနည်းဆုံး တကောင်ကတော့ တခြမ်းမည်းတယ် ဆိုတာလောက်ပဲ ကျနော်တို့ သေချာပေါက် ပြောလို့ရနိုင်မယ်။ ဟိုဘက်တခြမ်း ဘာရောင်ရှိမှန်း ကျနော်တို့မှ မသိနိုင်ကြတာ။”

အားလုံးအပေါ် ဆရာကြီးလုပ်သွားသည့် ယုတ္တိဗေဒသမားကို ဝိုင်းကြည့်နေကြဆဲ အနီးတွင် နားထောင်နေသည့် ခရီးသည်တယောက်က ထလာကာ ယုတ္တိဗေဒသမားကို ပခုံးပုတ်လိုက်ပြီး “ဒီမှာဆရာကြီး၊ ခင်ဗျားပြောတာလည်း မခိုင်လုံသေးဘူးဗျ၊ ခင်ဗျားပြောသလို တကယ်တမ်း တိကျအောင်ဆိုရင် စကော့တလန်က သိုးတွေထဲမှာ  ခုလောလောဆယ် မြင်ရသလောက်  အနည်းဆုံး တကောင်ကတော့ တခြမ်းမဲနေတယ် ဆိုတာလောက်ပဲ ပြောနိုင်မှာပေါ့ဗျ” ဟူ၍ ပြောလိုက်လေသည်။

ဒီဇာတ်လမ်းလေးကို ဖတ်မိတော့ လက်ရှိ မြန်မာ့အရေးကို သွားပြီး သတိရမိသည်။ အားလုံးသိကြသည့်အတိုင်း မြန်မာ့အရေးနှင့်ပတ်သက်လျှင် နိုင်ငံတကာပညာရှင် ဆိုသူရော၊ ပြည်တွင်းပညာရှင် ဆိုသူတွေကပါ အမျိုးမျိုးအဖုံဖုံ လေ့လာသုံးသပ်နေကြသည်။ တရုတ်ကိစ္စနှင့် ပတ်သက်လျှင်လည်း တရုတ်အစိုးရကို ဝေဖန်သူတွေရှိသလို တရုတ်လော်ဘီ၊ တရုတ်ထောက်ခံသူ၊ တရုတ်ကို ဖားယားသူတွေကလည်း မနည်းမနောပင်။ ထိုအထဲ လေ့လာသုံးသပ်သူ၊ အကဲဖြတ်သူ၊ ဘာကျွမ်းကျင်သူ၊ ညာကျွမ်းကျင်သူ တို့က ထိပ်ဆုံးက။

‌ဇာတ်လမ်းထဲက ပညာရှင်ကြီးတွေလိုပင် သူ့နည်းသူ့ဟန်နဲ့သူ သုံးသပ်ပြကြသည်။ တချို့က တရုတ်က မြန်မာ့အရေး ခြယ်လှယ်နေတယ်ဆိုတာ မဟုတ်၊ အင်အားကြီးနိုင်ငံတခု၏ ‌သဘာဝအတိုင်း လုပ်ကိုင်နေတာဟု ဆိုသည်။ တချို့ကလည်း မြန်မာ့အရေးကို တရုတ် ဝင်ရောက်ခြယ်လှယ်နေတာကို လက်ခံသည်။

သို့သော် ထိုသို့ ခြယ်လှယ်နေရသည့် အကြောင်းရင်းမှာ NUG ကြောင့်၊ အတိအကျဆိုလျှင် NUG အသုံးမကျတာကြောင့်ဟု ပြောကြပြန်သည်။ တချို့ပညာရှင် ဆိုသူတို့ကမူ ဒါက real politics၊ geopolitics ကြောင့် ဖြစ်သည်။ နိုင်ငံကြီးတနိုင်ငံအနေနဲ့ ဒီလိုမျိုးလုပ်တာက ထုံးစံ။ တရုတ်အစိုးရ မမှားဟု ဆိုကာ သုံးသပ်ကြပြန်သည်။ အင်အားကြီး စူပါ ပါဝါ နိုင်ငံတခု ဖြစ်သည်မို့ ဒါမျိုး အကျိုးစီးပွားသက်သက်ပဲ ကြည့်တာ တရားသယောင် ပြောဟောကြသည်။ ဇာတ်လမ်းထဲက ယုတ္တိဗေဒပညာရှင်၊ စိတ်ပညာရှင်၊ ရူပဗေဒပညာရှင်တွေလို သူ့နည်းသူ့ဟန်နဲ့သူ ပြောဆို သုံးသပ်နေကြပါသည်။ ဒါဆို မီးရထားပေါ်က သာမန်ခရီးသည်နှင့်တူသော မြန်မာပြည်သူတွေကရော ဘာပြောကြမလဲ။

နေ့စဉ်နဲ့အမျှ မျက်လုံးနှစ်လုံးဖွင့်ပြီဆိုတာနဲ့ ငရဲခန်းအလား ကြုံတွေ့ရင်ဆိုင်နေရသော မြန်မာပြည်တွင်းက ပြည်သူတွေကတော့ တရုတ်သည် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေရုံတင်မက အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေသည်။ မြန်မာပြည်သူတွေ၏ သဘောဆန္ဒကို လုံးဝ လျစ်လျူရှုနေသည်။ မြန်မာပြည်သူတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက် သတ်ဖြတ်နေသော စစ်ကောင်စီဘက်ကို လုံးဝရပ်တည်ပြီး ထောက်ပံ့နေသည်။ စစ်ကောင်စီကိုတော့ ဘာဆိုဘာမျှ လူသိရှင်ကြား ဟန့်တားတာမျိုး မပြောပေမဲ့ မတရားမှုကို တုံ့ပြန်နေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကိုတော့ ခြိမ်းခြောက်သည်။ လက်တွေ့အားဖြင့် အရေးယူသည်။ လူမိုက်စကားပြော လူမိုက်လုပ်ရပ်များ လုပ်နေသည်။ ကျွန်ုပ်တို့ မြန်မာပြည်သူတွေသည် တရုတ်ပြည်ကို မမုန်း၊ တရုတ်လူမျိုးကို မမုန်း၊ တရုတ်အစိုးရကိုသာ ဆန့်ကျင်နေကြခြင်းဖြစ်သည်။

ထိုကဲ့သို့ပဲ မြန်မာပြည်သူတွေက ပြောကြမည်မှာ မုချဧကန်။ ဒါတွေက မြန်မာပြည်သူတွေရဲ့ common sense ပဲ ဖြစ်သည်။

ပညာရှင်ဆိုသူများခင်ဗျား.....

Common sense လေးတော့ ရှိကြပါအုန်းကုန်။

နွေဦးဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013