Home
ဆောင်းပါး
ကျနော် ရေပေါ်ဆီ
DVB
·
June 1, 2025

မှောင်ရိပ်သန်းလာပြီ။ တမြို့လုံးလည်း အသွားအလာတွေ မရှိကြတော့။ မီးကို ရေနဲ့သတ်တာကမှ ရှဲခနဲ အသံကြားရပေဦးမည်။ အခုတော့ ၆ နာရီထိုးပြီဆိုတာနဲ့ ဘာသံမှမကြားရတော့။

မောင်စွမ်းတို့ ငယ်ငယ်က လူကြီးတွေ ပြောစကားကို ပြန်ကြားယောင်နေသည်။ ညနေ ၆ နာရီကျော်ရင် သရဲ၊ တစ္ဆေ၊ မကောင်းဆိုးဝါးတွေ အပြင်ဘက်ထွက်လာကြသည်တဲ့။ အပြင်မထွက်ရဘူးတဲ့။ အခုလည်း မကောင်းဆိုးဝါးသတ္တဝါတွေ မောင်စွမ်းတို့မြို့တွင် ည ၆ နာရီကျော်ပြီဆိုတာနဲ့ ထွက်လာကြတော့မည်။

“သား.. တံခါးတွေ ပိတ်စရာရှိတာ ပိတ်တော့၊ ၆နာရီထိုးပြီ။” မောင်စွမ်းအမေကြီးက လှမ်းသတိပေးသည်။

ဟုတ်သားပဲ။ တံခါးတွေပိတ်ရဦးမည်။ ဘေးပတ်ဝန်းကျင်အိမ်တွေကတော့ ပိတ်ပြီးသွားကြပြီ။ တချို့ကလည်း ပိတ်ဖို့ပြင်နေကြတုန်း။

အရင်တုန်းက ညဘက်ရောက်ရင် တံခါးတွေကို ပိတ်ချင်မှပိတ်၊ မပိတ်လည်း ဘာမှမဖြစ်ခဲ့။ နွေဦးပေါက်လာလျှင် ဖွင့်တောင် အိပ်ကြသည်။ ယခုကတော့ ပြောင်းပြန်။

“တံခါးတွေပိတ်ပြီးရင် ခဏနေ ထမင်းစား‌ထားတော့။”

ဖအေဖြစ်သူက မောင်စွမ်းကို လှမ်းပြောပြန်သည်။ ဟိုတုန်းက ညသန်းခေါင်လောက်မှ စားတတ်သော မောင်စွမ်းတယောက် အခုတော့ ၆ ခွဲ ၇ ခွဲ‌ဆို စားရတော့သည်။

“ဟုတ်ကဲ့ အဖေ”

ညပိုင်းရောက်တာနဲ့ မောင်စွမ်းကြောက်စိတ်က ပိုတိုးလာသည်။ ၆ နာရီ ကျော်လာတာနဲ့ မောင်စွမ်း နေရထိုင်ရ ခက်လာသည်။ ကိုယ်က တခါတလေ သတင်းပို့ပေးတာ၊ တောထဲရောက် သူငယ်ချင်းတွေကို ထောက်ပံ့တာလေးတွေက ရှိသေးတာကိုး။

မောင်စွမ်းတယောက် ဘယ်ကဘယ်လို ဝင်ငွေရသလဲ။

မောင်စွမ်းတယောက် ဈေးထဲမှာ အသီးရောင်းသည်။ သတင်းတွေဘာတွေပို့တော့ တခါတလေ ပို့ခရသည်။ မြတ်တာလည်းရှိ။ မမြတ်တာလည်းရှိ။ မြိုးမြိုးမြက်မြက်ရသည့်အခါ တောထဲက သူငယ်ချင်းတွေကို ပေးသည်။ မရလျှင်တော့ မပေးဖြစ်။ အသီးရောင်းတာက ခုနောက်ပိုင်း သိပ်အဆင်မပြေချင်။ ပို့ဆောင်ရေးစရိတ်စကတွေ၊ ကုန်ဈေးနှုန်းကြီးမှုတွေ၊ စီးပွာရေး ကျပ်တည်းမှုတွေကြောင့် ဝယ်သူဘက်ကရော ရောင်းသူဘက်ကပါ ဟန်ချက်မညီချင်တော့။

မနှစ်ကလည်း ဒီလိုတွေဖြစ်လို့ဆိုပြီး ဒီလောက်ရှိတာ ပြည်ပထွက် အလုပ်လုပ်တော့မယ်ဆိုကာ ကိုရီးယားသင်တန်း တက်လိုက်‌သေးသည်။ အစတုန်းကတော့ ယခုလိုထွက်ရမှာကိုပင် စိတ်ထဲမသိုးမသန့်။ ဘော်ဒါတွေက တောထဲမှာ ငါကတော့ နိုင်ငံခြားထွက် ကိုယ်လွတ်ရုန်းထွက်သလိုများ ဖြစ်နေမလား။ ငါကိုယ်တိုင် တောထဲသွား၊ လက်နက်မကိုင်နိုင်တောင် မြို့ပေါ်မှာဆက်နေပြီး ငါနိုင်တာ ငါဆက်လုပ်မယ်ဟု ပိုင်းဖြတ်ထားခဲ့သည်။ အနည်းဆုံးတော့ ဘော်ဒါတွေနဲ့ တနိုင်ငံတည်း အတူရှိတယ်ဆိုတဲ့စိတ်နဲ့ ဖြေသာလို့ရသည်။ ဒါတွေက မောင်စွမ်းရဲ့ ၂၀၂၄ မတိုင်ခင်က စိတ်ပိုင်းဖြတ်မှုတွေ။

၂၀၂၄ ဖေဖော်ဝါရီမှာ မကောင်းဆိုးဝါးတွေက စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည် ဖော်လာသည်။ သည်လိုနဲ့ လအနည်းငယ်အကြာမှာ မောင်စွမ်း တမျိုးတဖုံ စဉ်းစားရတော့သည်။ ကိုရီးယားကိုထွက်ဖို့ မောင်စွမ်းတယောက် မဖြစ်မနေ ဆုံးဖြတ်လိုက်မိသည်။

သူတို့မြို့ပေါ်တွင် ပေါ်တာဆွဲတဲ့  အရိပ်အယောင်တွေ တွေ့လာရသည်။ အဖမ်းခံရလို့တော့ မဖြစ်။ ဒီလိုနဲ့ EPS ခေါ် ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ရမည့် စာမေးပွဲကို မောင်စွမ်းဖြေတော့သည်။ အောင်မြင်အောင်ဖြေမည်။ ပြီးရင် ကိုရီးယားထွက်မည်။ ဟိုမှာနေပြီး အလုပ်လုပ်ရင်း ပြည်တွင်းရှိ တောထဲက ဘော်ဒါတွေကို လွတ်လွတ်လပ်လပ်၊ ပေါပေါများများ ပေးနိုင်မည်။ ကိုယ်တိုင်လည်း မကောင်းဆိုးဝါးတွေရဲ့ အန္တရာယ်ကွင်းထဲကို ကျရောက်တော့မည်မဟုတ်။ ကိုယ့်စိတ်ကူးနှင့် ကိုယ်တော့ ဟုတ်နေသည်။

ဒီလိုနဲ့ မောင်စွမ်း လုပ်သည်။ ကြိုးစားသည်။ ကျက်သည်။ မှတ်သည်။ တက္ကသိုလ်တက်တုန်းကတောင် ဒီလိုမျိုး အရှိန်အဟုန်နဲ့ မလေ့လာဘူး။ မကျက်ခဲ့ဘူးပေ။ ဒီလိုနဲ့ စာ‌တွေ့ စာမေးပွဲဖြေရသည်။ ရမှတ်က ၉၀ ကျော်။ အတိအကျဆိုရင် ၉၂ မှတ်။

“စိတ်မပူနဲ့ မင်းအမှတ်နဲ့ဆို ရွေးခံရနိုင်ခြေ ၈၀ ရှိတယ်” လို့ သင်တန်းဆရာက ပြောသည်။

မောင်စွမ်းတယောက် စွမ်းနိုင်တော့မည်။ အိမ်ကလူတွေကိုတောင် မောင်စွမ်း အရိပ်အမြွက် ကြွားထားပြီးပြီ။ နောက်ထပ် နှုတ်ဖြေလောက်ပဲ ကျန်တော့သည်။ နှုတ်ဖြေရရင် အောင်ပြီ ဟူ၍။

သို့သော်.......

ဒီတနှစ်ကျမှ အမှတ်ဖြတ်တာက 97.5 တဲ့။ သွားလေရော့။ ခေတ်ဆိုးခေတ်ပျက်ထဲက မြန်မာနိုင်ငံသားပီသတဲ့ မောင်စွမ်း။

ရှင်းပါဦးမည်။

အမေရိကန်တွင် အလုပ်အကိုင်ကြိုးစားသော လူငယ်များက အချိန်တန်လျှင် ငွေရှာမည်၊ ချမ်းသာအောင်လုပ်မည်၊ သုံးဖြုန်းပျော်ပါးကာ ရုပ်ဝတ္ထုပစ္စည်း အသစ်အသစ်နောက် လိုက်ကြသည်။ ဒီလိုရည်မှန်းချက်မျိုးနဲ့ လုပ်ကိုင်တာမျိုးကို တင်စားခေါ်ကြသည်။ American dream လို့ခေါ်သည်။

မောင်စွမ်းတို့ မြန်မာပြည်မှာကတော့ လူမှုရေး၊ စီးပွားရေး ဘာတခုမှအဆင်မပြေ။ အဆင်ပြေဖို့ ကြိုးစားလိုက်၊ အဆင်မပြေတာနဲ့ ကြုံလိုက်ရ။ မျှော်လင့်ချက်တွေထားလိုက်၊ မကြာခင် မျှော်လင့်ချက်တွေ ပျက်စီးလိုက်။ သေခြင်းတရား၊ ဆင်းရဲဒုက္ခ၊ စိတ်လက်မချမ်းသာမှု၊ စိတ်ပျက်အားငယ်မှုတွေက လက်ရှိကာလ မောင်စွမ်းတို့ မြန်မာနိုင်ငံသားတွေရဲ့ ပြယုဂ်တွေ။ နာကျင်ရမှု၊ ကြောက်ရွံ့မှု၊ စိတ်ကုန်အားလျော့မှုတွေကြောင့် ဖြစ်လာတဲ့ ဝဋ်ဒုက္ခတွေ။ စကြာဝဠာတိုက်တသောင်းက ကြားဖို့ အော်ဟစ်ပစ်ကာ ပေါက်ကွဲချင်လိုက်မိတော့သည်။ ဒါကို နာမည်ပေးရမယ်ဆိုရင် Myanmar Scream။

“ပုန်းတော့..... ပုန်းတော့”

အမေ့အသံကို ထိတ်ထိတ်ပျာပျာ ကြားလိုက်ရသည်။ မောင်စွမ်းတယောက် သူစီစဉ်ထားသည့် နေရာကို အပြေးအလွှားသွားရတော့သည်။

မီးကလည်းပျက်၊ မှောင်ကလည်း မှောင်၊ မောင်စွမ်းတယောက် ကမ္ဘာပျက်ရမလိုပင်။ ခဏကြာတော့ “ဧည့်စာရင်းစစ်ချင်လို့ပါ၊ တံခါးဖွင့်ပေးပါဗျို့” ဆိုတဲ့ အသံများ မောင်စွမ်းတို့ ရပ်ကွက်တဝိုက် ဆူညံနေတော့သည်။

“အိမ်ရှင်တို့... ဗျို့ ....အိမ်ရှင်တို့” ဆိုသည့် အော်ခေါ်သံများမှာ အမှောင်ယံညဝယ် ဘဝဂ်ညံနေတော့သည်။

ငါ့ကို ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ၊ ငါ့မိသားစုကို ဘယ်သူက လုပ်ကျွေးတော့မှာပါလိမ့်၊ ကင်ဆာရောဂါသည် အမေအတွက် ဘယ်သူက ပြုစုမှာလဲ၊ အသက် ၇၀ ကျော် အဖေက အလုပ်ထွက်လုပ်မှာလား၊ အငယ်ဆုံးမလေးကပဲ အလုပ်ထွက်လုပ်မှာလား၊ ပါသွားပြီဆိုရင် ငါ သေတာနဲ့ တူတူပဲပေါ့။ သူများတွေလို ရာချီပေးဖို့ မတတ်နိုင်တော့ လိုက်သွားရတော့မှာပေါ့။ စသဖြင့် အတွေးပေါင်းများစွာနှင့်။

“အိမ်ရှင်တို့...တံခါးဖွင့်ပေးကြပါအုံး”...ဗျို့..

အိမ်ရှင်တို့..။

အသံတွေက အဆက်မပြတ်။

အတိတ်က‌အကြောင်းတွေ မောင်စွမ်းခေါင်းထဲ အလိုလို ရောက်လာသည်။ ခေတ်ကောင်းတုန်းက ဒီအချိန်တွေဆိုတာ အပြင်ထွက်လို့ကောင်းတုန်း၊ လျှပ်စစ်မီးတွေ လင်းထိန်ကာ လူတွေမှာ ဟိုဟိုဒီဒီ ဥဒဟို သွားလာနေကြတုန်း ရှိသေးသည်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တို့မှာ ဇွန်းသံ ခွက်သံ၊ အကြော်အလှော်သံ၊ ဆွေးနွေးငြင်းခုံသံတို့နှင့် ပြည့်နှက်နေသည်။ ညဈေးတန်း မုန့်ဆိုင်တွေမှာလည်း ရောင်းလို့ကောင်းတုန်း။ ယခုလို သင်္ကြန်အချိန်အခါနီးလာလျှင် လေရူးတသုန်သုန်လေးနဲ့အတူ သင်္ကြန်သီချင်းတွေကို ဟိုကဒီက ကြားလို့နေသည်။ ဧည့်စာရင်းမလို၊ ကြိုက်တဲ့ မိတ်ဆွေ သူငယ်ချင်းအိမ် လိုက်အိပ်လို့ရသည်။

မာရှယ်လော မရှိ။ ရဲတွေဆိုတာ ကြောက်စရာမရှိ၊ ကြောက်စရာမလို။ ရွာက သူငယ်ချင်းတွေ၊ တခြားမြို့က သူငယ်ချင်းတွေကို လိုက်လည်ဦးမလား။ ရသည်။ ယခုလို ညခင်းဘက် ဆိုင်ကယ်နဲ့ သွားရမည်ဆိုတောင် မောင်စွမ်းတို့ကမကြောက် စွမ်းနိုင်သည်။ စွမ်းလည်းစွမ်းခဲ့သည်။

“သားရေ ..သားရေ…”

အမေက ဘေးနားက လာတို့တော့မှ မောင်စွမ်းအသိစိတ်တို့ ပစ္စုပ္ပန်ကို ရောက်လာသည်။ အမေဖြစ်သူမှာ မောဟိုက်နေသည်။ အမှောင်ထဲတွင် အမေ့မျက်နှာမှာ ချွေးတဒီးဒီးကြောင့် လက်နေသည်။

“ပြန်သွားပြီ… သားလေး။ အရှေ့ဘက်လမ်းကြားထဲပဲ ဝင်သွားတာတဲ့။ အမေတို့ဘက် ရောက်မလာဘူး”

“သား...ထွက်လာခဲ့တော့လေ။ မရှိတော့ပါဘူးကွ” ဖေဖေကလည်း ရောက်လာသည်။

မောင်စွမ်းတယောက် “ဟူး.........” ဆိုသည့် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

မောင်စွမ်းတယောက်........ မစွမ်းသာပါ။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024