
ဟော်မုဇ်ရေလက်ကြားမှာပြုလုပ်မဲ့ နိုင်ငံစုံလုံခြုံရေးမစ်ရှင်မှာ ပါဝင်ဖို့အတွက် ဗြိတိန်နိုင်ငံက စစ်သင်္ဘော၊ တိုက်လေယာဉ်တွေနဲ့ အလိုအလျောက်စနစ်သုံး စစ်ရေးပစ္စည်းတွေကို ပေးပို့ သွားမယ် လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MOD) က မေ ၁၂ ရက်မှာ ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေပါဝင်တဲ့ ကာကွယ်ရေးဝန်ကြီးများ အွန်လိုင်းအစည်းအဝေးအပြီးမှာ ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးဌာန အဆိုအရ ဗြိတိန်ဟာ အလိုအလျောက် မိုင်းရှာစက်တွေနဲ့ အဆင့်မြင့် တန်ပြန် ဒရုန်းစနစ်တွေအတွက် ရန်ပုံငွေအသစ်အဖြစ် ပေါင် ၁၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၅၆ သန်းလောက်) ထပ်မံသုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်တော်ဝင်ရေတပ်ရဲ့ ဖျက်သင်္ဘော HMS Dragon ဟာ အခုလက်ရှိ အရှေ့အလယ်ပိုင်းဒေသကို ဦးတည်ထွက်ခွာနေပြီး အဲဒီစစ်ဆင်ရေးမှာ ပါဝင်ကူညီသွားမှာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးတွဲပြီး ဟော်မုဇ်ရေလက်ကြား မစ်ရှင်ကို ဦးဆောင်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာချက်အပြီးမှာ ထွက်ပေါ်လာတာပါ။
ပြင်သစ်ဘက်ကလည်း သူတို့ရဲ့ ရှားလဲ ဒယ်ဂိုယယ် လေယာဉ်တင်သင်္ဘောအုပ်စုဟာ စူးအက် တူးမြောင်းကို ဖြတ်ကျော်ပြီး ပင်လယ်နီတောင်ပိုင်းဆီ ဦးတည်နေပြီလို့ ဆိုပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံခြားရေး ဒုဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီကလည်း တနင်္ဂနွေနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ “တရားမဝင်ပြီး နိုင်ငံတကာဥပဒေနဲ့ မညီတဲ့” လုပ်ရပ် တွေကို ထောက်ပံ့ကူညီဖို့ ပြင်သစ်နဲ့ ဗြိတိန်စစ်သင်္ဘောတွေ ဝင်ရောက်လာတာကို အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ချက်ချင်း လက်ငင်း ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သတိပေးပြောပါတယ်။
အမေရိကန်ရေတပ်ရဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့ကို ပိတ်ဆို့မှုဟာ အခုဆို ဒုတိယ မြောက်လထဲ ဝင်လာပြီ ဖြစ်ပါတယ်။
အီရန်ရေနံတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကြောင့် အီရန်စီးပွားရေးအပေါ် ဖိအားများလာသလို ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာလည်း မသေချာ၊ မရေရာမှုတွေ ပိုများလာတာကြောင့် ကမ္ဘာ့ရေနံ စျေးနှုန်းတွေဟာ အင်္ဂါနေ့မှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters










