
တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာမှာ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အိမ်တွေနဲ့ လျှပ်စစ်မီးကြိုးတွေ ပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က ထုံမခါဘက်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြိတ်ခရိုင်၊ တပ်ရင်း ၂ တာဝန်ရှိသူတယောက်က “ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့ စကစစစ်ကြောင်းက သိန်ခွန်းဘက်မှာ တိုးမပေါက်လို့ လမ်းကြောင်းပြောင်းပြီးထိုးတာပါ။ တိုက်ပွဲအတွင်းမှာတော့ စကစဘက်က ခလရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီးပစ်တာတွေရှိတယ်။ သိန်းခွန်းဘက်မှာလည်း စကစဘက်က အင်အား ၃၀၀ လောက် တကြောင်းရှိသေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းနဲ့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က တယောက်ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံး၊ ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တလကျော်ကြာပြီဖြစ်တဲ့ တနင်္သာရီ-မောတောင် ပြည်ထောင်စုလမ်းမတလျှောက် တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တနင်္သာရီမြို့နယ်တလျှောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ့နေအိမ် ၂ လုံး ပျက်စီးပြီး ရွာအတွင်းက လျှပ်စစ်မီးကြိုးတွေပျက်စီးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း မုံရွာမြို့တောင်ဘက်၊ မအူရွာအနီးမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပစ်ခတ်တာလို့လည်း သိရပါတယ်။
ဆားလင်းကြီးဒေသခံတယောက်က “သူတို့ပစ်တဲ့အချိန်မှာ ရွာထဲလူမရှိတဲ့အချိန်ဖြစ်လို့ ကံကောင်းသွားတယ်လို့ ပြောရမယ်ဗျ။ ပစ်တာက ၁၂၀ မမနဲ့ ၄ လုံး ပစ်ခတ်ခဲ့တာ။ ၂ လုံးက ရွာထဲကျတယ်။ ၂ လုံးက ရွာအပြင် လယ်ထဲကျတယ်။ ရွာထဲကျတဲ့ ၂ လုံးက ပြည်သူ့နေအိမ်ပေါ်ကျတယ်ဗျ။ အိမ်တလုံးက မီးလောင်ပြီး တလုံးက ပျက်စီးတယ်။ ကျန်တာကတော့ အိမ်မွေးတိရစ္ဆာန်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်မီးတိုင်နဲ့ လျှပ်စစ်ကြိုးတွေ ပျက်စီးခဲ့တယ်ဗျ။ လူတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
လက်ပံတောင်းကျေးရွာဟာ ညောင်ပင်ကြီး၊ ရွှေလှေ၊ ထန်းတောရွာတို့ရဲ့ တောင်ဘက်မှာရှိပြီး အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အဲဒီရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့သတင်းကဟုတ်တယ်ဗျ။ စစ်တပ်ကတော့ဗျာ သူတို့နေဝင်ချိန်ရောက်ပြီဆိုတာကို သိသိကြီးနဲ့ကို ပြည်သူအပေါ် အခုလို လုပ်နေတာပါ။ ရွာကတော့ ပြည်သူထိခိုက်တာတော့မရှိဘူး" လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း လက်ပံတောင်း၊ ညောင်ပင်ကြီး၊ ရွှေလှေ၊ ထန်းတောရွာက စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်ရဲကြသေးဘဲ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့လည်း ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။










