DVB Logo
Home
နိုင်ငံတကာ
ဂျပန်ကုမ္ပဏီ SoftBank က OpenAI တွင် ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
DVB
·
January 31, 2025
ဂျပန်ကုမ္ပဏီ SoftBank က OpenAI တွင် ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
Donate to DVB

AI အသိဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်နေပေမဲ့လည်း ဂျပန်ကုမ္ပဏီတခုဖြစ်တဲ့ Soft Bank ဟာ OpenAI မှာ ဒေါ်လာ ၂၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးနေပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ် သဘောတူညီမှု မရရှိသေးပေမဲ့လည်း အကောင်အထည် ပေါ်ခဲ့ရင်တော့ SoftBank ဟာ OpenAI ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာမှာပါ။

လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက OpenAI ဝန်ထမ်းတွေအနေနဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ကြေးရှိတဲ့ ရှယ်ယာတွေကို SoftBank ဆီ ရောင်းချနိုင်တယ်ဆိုပြီး ခွင့်ပြုခဲ့ပါတယ်။

SoftBank တည်ထောင်သူ မာဆာယိုရှီ  ဆန်း ကတော့ OpenAI ရဲ့ နောက်ဆုံးရန်ပုံငွေတိုးချဲ့မှု အတွင်း ဒေါ်လာသန်း ၅၀၀ ထည့်ဝင်ခဲ့ပြီးနောက် ရှယ်ယာတွေကို ပိုမိုပိုင်ဆိုင်နိုင်ဖို့အတွက် ဆက်တိုက်တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ChatGPT ဖန်တီးသူ OpenAI အပါအ၀င် SoftBank နဲ့ Oracle စတဲ့ ကုမ္ပဏီ ၃ ခုပေါင်းပြီး Stargate အမည်ရ ဖက်စပ်လုပ်ငန်းတခု ထူထောင်ဖို့အတွက်ပါ သဘောတူညီခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒေါ်လာ ၅၀၀ ဘီလီယံ တန်ကြေးရှိမယ့် ဒီပူးပေါင်းဆောင်ရွက်မှုကို ပြီးခဲ့တဲ့အပတ်အတွင်း အိမ်ဖြူတော်မှာ ကြေညာခဲ့ပါတယ်။

အဲဒီစီမံကိန်းအရ အမေရိကန်နိုင်ငံရဲ့ AI ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

ဒါဟာ AI စျေးကွက်အတွင်း ယှဉ်ပြိုင်ရာမှာ အရင်းအနှီးနဲ့ ကွန်ပျူတာ အသုံးချနိုင်စွမ်းတွေ ပိုမိုလိုအပ်လာတာကြောင့် ဖြစ်ပါတယ်။

၁၀ နှစ်အတွင်း AI စျေးကွက်တန်ဖိုးကလည်း ဒေါ်လာ ၁ ထရီလီယံအထိကို ရောက်လာနိုင်တယ် ဆိုပြီး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကတော့ OpenAI ကုမ္ပဏီကို ဒေါ်လာ ၁၅၇ ဘီလီယံတန်တယ်လို့ သတ်မှတ်ထားပါတယ်။

၂၀၂၂  နှောင်းပိုင်းမှာ OpenAI က ChatGPT လို့ အမည်ပေးထားတဲ့ Chatbot ကို စတင်မိတ်ဆက်ခဲ့ပြီးနောက် ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိတဲ့ Generative AI တွေ ခေတ်စားလာခဲ့ပါတယ်။

OpenAI ဟာ အီလွန်မတ်စ်ခ်ရဲ့ xAI အပါအဝင် Microsoft, Google, Amazon, Anthropic (အန်သရောပစ်) နည်းပညာကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နေရတာဖြစ်သလို တရုတ်ပြိုင်ဘက်အသစ်လည်း ပေါ်ထွက်လာခဲ့ပါတယ်။

DeepSeek ဆိုတဲ့ တရုတ်ကုမ္ပဏီက အမေရိကန်ပြိုင်ဘက်တွေရဲ့ ကုန်ကျစရိတ် အစွန်းထွက်လောက်နဲ့ အဆင့်မြင့် AI မော်ဒယ်ကို ဖန်တီးနိုင်ခဲ့တာကြောင့် စျေးကွက်အပေါ်  လှုပ်ခတ်စေခဲ့ပါတယ်။

OpenAI ရဲ့ စီးအီးအို ဆမ်အော့တ်မန်း ကတော့ DeepSeek ရဲ့ R1 မော်ဒယ်ကို “အထင်ကြီးလောက်စရာပဲ” လို့ဆိုပြီး “ကျနော်တို့အနေနဲ့ အများကြီးပိုကောင်းတဲ့ မော်ဒယ်တွေ ထုတ်သွားမှာပါ၊ ပြိုင်ဘက်အသစ် ရှိလာတော့လည်း တကယ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013