DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးခေါ်ယူပြီး အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး
DVB
·
January 31, 2025
စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးခေါ်ယူပြီး အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး
Donate to DVB

စစ်ကောင်စီခေါင်းဆောင်ဟာ ဇန်နဝါရီ ၃၁ ဒီနေ့မနက်က နေပြည်တော်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပပြီး နိုင်ငံတော်အာဏာ သိမ်းယူထားတဲ့ သက်တမ်းကို နောက် ၆ လ သက်တမ်းထပ်တိုးလိုက်ပါတယ်။

ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တင်ပြချက်အပေါ်  ကာလုံအဖွဲ့ဝင်တွေ ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေတဲ့အကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်အောင်လုပ်ဖို့ ကျန်နေရှိနေကြောင်း၊ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းမှုတွေ လိုအပ်နေသေးတာကြောင့် လိုအပ်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့အတွက် တာဝန်ထမ်းဆောင်ခွင့် နောက်ထပ် ၆ လ သက်တမ်းတိုးတာလို့ အကြောင်းပြထားပါတယ်။

အစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ အထူးဖိတ်ကြားထားတဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်တို့ကို မတရားဖမ်းဆီး အကျဉ်းချထားပြီး  နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်က စတင် တရားမဝင် အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းသက်တမ်း ထပ်တိုးခွင့်မရှိတော့ပေမဲ့ ပုဒ်မ ၄၂၅ ကို လိုသလိုဆက်သုံးပြီး သာမန်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လတခါ အကြိမ်ကြိမ် သက်တမ်းတိုးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013