DVB Logo
Home
မြန်မာသတင်း
အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် စစ်တပ်ကို ကုလအကြီးအကဲ တောင်းဆို
DVB
·
January 31, 2025
အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် စစ်တပ်ကို ကုလအကြီးအကဲ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကနေတဆင့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့နဲ့ အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် အထိမ်းအမှတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဇန်နဝါရီ ၃၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံတွင်း ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ပိုမိုပြီးတော့ ဆိုးဝါးလာနေကြောင်း၊ အကြမ်းဖက်မှုပုံစံ အားလုံးကို ရှုတ်ချပြီး ပဋိပက္ခမှာ ပါဝင်သူအားလုံး ပါဝင်လာဖို့၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အကြမ်းဖက်မှုနဲ့ လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေ ထပ်ဖြစ်လာအောင် လှုံ့ဆော်မှုတွေကို တားဆီးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုပြီးတော့ ကျဆင်းလာနေသလို လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံနီးပါးဖြစ်တဲ့ သန်း ၂၀ နီးပါးဟာ အခုနှစ်ထဲမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာမယ်လို့ မျှော်လင့်ရကြောင်းလည်း ဖော်ပြထားပါတယ်။

ငတ်မွတ်ခေါင်းပါးဘေးဟာ စိုးရိမ်ဖွယ်ရာအဆင့်ထိ ရောက်ရှိသွားခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်းဟာ စားနပ်ရိက္ခမလုံလောက်မှုဒဏ် ရင်ဆိုင်ရမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁၃ ဒသမ ၃ သန်းထက် ပိုတိုးလာခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း အခြေခံ စားနပ်ရိက္ခာတွေရဲ့ ကုန်ကျစရိတ်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘ့ာစားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မိုက်ကယ် ဒန်ဖို့ဒ်က “ပြည်တွင်းဈေးကွက်တွေမှာ အစားအသောက်တချို့ ရနိုင်ရင်တောင် လူတွေက အခြေခံလောက်ကို ဝယ်ဖို့ ရင်းမြစ်တွေ မရှိတော့ဘူး၊ ဆိုလိုတာက သူတို့ဟာ နည်းနည်းပဲစားပြီး ဆာလောင်လာတော့မှာပါပဲ” လို့ ပြောပါတယ်။

တိုက်ပွဲ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြား စီးပွားရေး ပြိုလဲမှုတွေနဲ့အတူ နိုင်ငံတဝန်း လူဦးရေ ၃ သန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အများစုဟာ အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း ခုကာလထဲ ရွေးကောက်ပွဲကျင်းပဖို့ မြန်မာစစ်အုပ်စုရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို ပြည်တွင်းပဋိပက္ခတွေ ပြင်းထန်လာနေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လွတ်လပ်ပြီးတော့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲကို ခွင့်မပြုကြောင်း သတိပေးခဲ့တာပါ။

ရန်လိုမှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်အောင် ကူညီဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံရေးအသိုက်အဝန်းနဲ့ စစ်တပ်ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ် လိုအပ်ကြောင်းလည်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် အလားအလာရှိတဲ့ အနာဂတ်ဟာ ရိုဟင်ဂျာတွေ အပါအဝင် အသိုက်အဝန်း အားလုံးအတွက် ဘေးကင်းမှု၊ တာဝန်ခံမှုနဲ့ အခွင့်အလမ်းတို့ကို အာမခံပြီး ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှုနဲ့ ကွဲလွဲမှုဖြစ်စေတဲ့ ပုံစံအားလုံးကို ဖြေရှင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။”

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကို “လိမ်လည်မှု” အဖြစ် ဝေဖန်ခဲ့ပြီး အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း ကွပ်မျက်တာတွေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ရာဇဝတ်မှုလို ပြုလုပ်နေချိန်မှာ တရား၀င်မဲပေးဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာပါ။

“စစ်အုပ်စု တပ်တွေက အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်၊ ဗုံးခွဲပြီး ရွာတွေကို မီးရှို့ထားပြီး သန်းနဲ့ချီတဲ့လူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်က အကျဉ်းထောင်တွေထဲမှာ ရှိနေတယ်… စီးပွားရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ပြိုလဲသွားတယ်။ အငတ်ဘေးနဲ့ ငတ်မွတ်ခေါင်းပါးမှုက လူဦးရေ အများစုဆီ ပျံ့နှံ့နေတယ်။”

မြန်မာနိုင်ငံက အိပ်မက်ဆိုးတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုရာမှာ မစ္စတာအန်ဒရူးစ်က ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီး အကူအညီတွေ ဆက်လက်ပံ့ပိုးပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေရဲ့ ခံနိုင်ရည်အားကို ချီးကျူးခဲ့ပါသေးတယ်။

“မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်သတ္တိနဲ့ ရဲစွမ်းသတ္တိက ကမ္ဘာတဝန်းက တခြားသူတွေကို အံ့အားသင့်ပြီး တက်ကြွစေပါတယ်… ဒီသူရဲကောင်းဆန်တဲ့ ကြိုးပမ်းမှုတွေက မြန်မာနိုင်ငံရဲ့ အကောင်းဆုံးနေ့ရက်တွေကို ရှေ့ရောက်မယ့် ဆွဲဆောင်မှုရှိတဲ့ ညွှန်ပြချက်တွေပါပဲ။”

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးတရပ်ကို  ဇန်နဝါရီ ၃၀ ရက်က ကျင်းပခဲ့ပြီး အရေးယူဆုံးဖြတ်ချက်တွေကတော့ ထွက်ပေါ်လာခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013