DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ငြင်းဆိုနေသော်လည်း မြေပြင်တွင် စစ်မှုထမ်းအမျိုးသမီး ကောက်နေ
DVB
·
January 30, 2025
စစ်ကောင်စီက ငြင်းဆိုနေသော်လည်း မြေပြင်တွင် စစ်မှုထမ်းအမျိုးသမီး ကောက်နေ
Donate to DVB

စစ်မှုထမ်းဖို့အတွက် အမျိုးသမီးတွေစာရင်း စတင်ကောက်ယူနေတာ မရှိဘူးလို့ စစ်ကောင်စီက စာထုတ် ငြင်းဆိုနေပေမဲ့ မြေပြင်မှာတော့ စစ်မှုထမ်းဖို့ အမျိုးသမီးတွေစာရင်း စကောက်နေတာ မှန်ကန်ကြောင်း ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အမျိုးသမီးတွေနဲ့ပတ်သက်လို့ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့အတွက် စာရင်းတွေကောက်ခံနေတာ ကောလာဟလ သတင်းအမှားလို့ စစ်ကောင်စီက စာထုတ် ငြင်းဆိုနေပေမဲ့ မြေပြင်မှာတော့ စစ်မှုထမ်းဆောင်ဖို့ အမျိုးသမီးတွေစာရင်း စကောက်နေတာ မှန်ကန်ကြောင်း ကာယံရှင်တွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်က နေအိမ်မှာ စာရင်းလာကောက်သွားကြောင်း ဒလမြို့နယ်က လူငယ်အမျိုးသမီး တယောက်က DVB ကို ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသမီးတယောက်က “ခေါ်စာတော့မဟုတ်ဘူး၊ လဝကကလူရယ် ရပ်ကွက်ထဲက လူတွေရယ် ပါတယ်။ သူတို့တွေက ရပ်ကွက်ထဲက ၁၈ ပြည့်ပြီးသား မိန်းကလေးနာမည် စာရင်းအလိုက် အိမ်တွေကို လာကောက်တာ။ နာမည်ရယ် ကျောင်းတက်လားရယ် မေးတယ်။ တက်တယ်ဆို မေဂျာ year ကျောင်းနာမည် ဖုန်းနံပါတ် ပေးရတယ်။ မနှစ်က စစ်မှုထမ်းသတင်းတွေ တက်လာတော့ ကျောင်းတက်ရင် စစ်မှုမထမ်းရဘူးဆိုလို့ ကျောင်းပြန်တက်လိုက်တာ၊ အခု ကျောင်းတက်တာတောင် နာမည်စာရင်းက ပါတာလား မေးတော့ နာမည်စာရင်းက အကုန်တင်ရမှာမို့ အကုန်ထည့်တာလို့ ပြောတယ်။ အခုထိတော့ ဘာဆိုဘာမှ idea မထွက်လာသေးဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလောခေါ်ယူဖို့ မရှိကြောင်း ပြောဆိုထားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကလည်း စာရင်းကောက်ခံနေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ ရန်ကုန်က မြို့နယ်တော်တော်များများမှာ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက စာရင်းကောက်ယူနေတာ အမှန်တကယ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “အိမ်အနားမှာရှိတဲ့ အမျိုးသမီးတွေကို စာပို့တယ်၊ စစ်မှုထမ်းထဲ ပါတယ်ဆိုပြီး စာပို့တယ်။ အပြင်သွားလို့ မရဘူး၊ ခရီးထွက်လို့ မရဘူးတဲ့၊ လာလည်း ပြောတယ်၊ ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်မှာ။ သာကေတ ရန်ပြေဘက်မှာလည်း အဲဒီလိုပဲ။ ရပ်ကွက်ထဲက ပျောက်သွားလို့မရတဲ့အပြင် သူတို့ စာပို့ထားပြီးလို့ လာခေါ်လို့ မရှိဘူးဆိုရင် အဲဒီမိသားစုဝင်တွေကို ဖမ်းမှာတဲ့၊ အဲဒါ တကယ်ကို လုပ်တာနော်။ တောင်ဒဂုံက အုပ်ကြီးတွေလည်း တော်တော်သောင်းကျန်းနေတာ။ သူတို့ လိမ်နေတာ အောက်မှာ တကယ်ကောက်နေတာ။ ခေါ်တော့မခေါ်သေးဘူး၊ စာရင်းကောက်နေတာ” လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ထဲမှာလည်း အပတ်စဉ်အသစ်အတွက် စစ်မှုထမ်းစုဆောင်းတာတွေ ပြုလုပ်နေပြီး အိမ်ထောင်စုစာရင်းတခုတည်းကပဲ အမျိုးသမီးတွေ အပါအဝင် မိသားစုဝင် နှစ်ယောက်၊ သုံးယောက်ထိ ပါဝင်နေတယ်လို့ မိသားစုဝင်တယောက်ကလည်း ပြောပါတယ်။

“အိမ်ထောင်စုဇယားကို အရင်ကောက်တယ်။ အိမ်ထောင်စုဇယားထဲပါတဲ့ ကလေးတွေကို အရင် စာရင်းယူသွားတယ်။ မိန်းကလေးတွေလည်း ပါတယ်။ အိမ်နားမှာဆိုလည်း ကျောင်းတက်နေတဲ့ မိန်းကလေးတွေကို ဘာတက်နေတာလဲ၊ ဘာမေဂျာလဲ ဆိုပြီး စာရင်းတွေယူသွားတာ။ ဒါပေမဲ့ အခု စစ်မှုထမ်းဖို့မဟုတ်ဘူး၊ မဲနှိုက်ဦးမှာလို့လည်း ပြောသွားတယ်။ မဲနှိုက်ပြီးမှ အလှည့်ကျခေါ်မှာတဲ့၊ ကျမတို့မိသားစုထဲမှာဆို တအိမ်တည်း ၃ ယောက် စာရင်းယူသွားတာ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရဲ့ သားသမီးတွေကျ မပါဘူး၊ အကုန် နိုင်ငံခြားရောက်ကုန်ကြပြီ။”

လက်ရှိမှာတော့ စစ်ကောင်စီက စစ်မှုထမ်းအမှတ်စဉ် ၉ အတွက် စတင်သင်တန်းပေးနေပြီဖြစ်ကာ အမျိုးသမီး စစ်မှုထမ်းအမှတ်စဉ် ၁ အတွက် သင်တန်းပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်တုန်းကတော့ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေ အားလုံးကို ပြည်ပထွက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013