DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းနည်းဥပဒေကြောင့် လူငယ်များ ပြည်ပထွက်ရန် ပိုမိုတင်းကျပ်ခက်ခဲလာ
DVB
·
January 27, 2025
စစ်မှုထမ်းနည်းဥပဒေကြောင့် လူငယ်များ ပြည်ပထွက်ရန် ပိုမိုတင်းကျပ်ခက်ခဲလာ
Donate to DVB

စစ်ကောင်စီထပ်မံထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေပါ အချက်တွေကြောင့် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ မြန်မာလူငယ်တွေ ပြည်ပထွက်ခွာခွင့်ရဖို့ ပိုမိုတင်းကျပ် ခက်ခဲလာနေပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးပြီး  ၃ လအကြာမှာ စစ်မှုထမ်းနည်းဥပဒေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်တာပါ။

နည်းဥပဒေ အခန်း ၁၀ အရ စစ်မှုထမ်းဖို့ အမိန့်စာရရှိထားသူ ဆေးအောင်ပြီးသူတွေ အပါအဝင် လျှော့ပေါ့ရွှေ့ဆိုင်းခွင့် ရရှိထားပြီးဖြစ်ပေမဲ့ ဗဟိုအဖွဲ့က ခွင့်ပြုချက်မရမချင်း ပြည်ပထွက်ခွင့် မရှိစေရလို့‌ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို မြို့နယ်အဖွဲ့က ဆင့်ခေါ်တဲ့အခါ လာရောက် သတင်းပို့ဖို့၊ ကိုယ်တိုင်မလာရောက်နိုင်ရင် မိသားစုဝင် တယောက်ယောက်က ကိုယ်စား သတင်းပို့ပေးရမှာဖြစ်ပြီး မလိုက်နာရင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ-က အရ အရေးယူခံရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

နှစ်စဉ် နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ နောက်ဆုံးရက်မှာ စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်သူတွေကို စာရင်းကောက်ယူသွားမှာဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့  အခက်အခဲတွေ ကြုံနေကြရပါတယ်။

လူငယ်တယောက်က “နည်းဥပဒေကို ဖတ်ပြီးတဲ့အခါမှာ စိတ်က တော်တော်လေး အဆင်မပြေဘူး။ မင်းတို့မရှိရင် မင်းတို့ ဆွေမျိုးသားချင်းတွေ မောင်နှမသားချင်းတွေကို ဖမ်းမယ်ဆိုတဲ့အချက် တော်တော့်ကို ယုတ်မာတဲ့အချက်လို့ ကျနော်မြင်တယ်။ စစ်မှုထမ်း ထမ်းဆောင်ဖို့ သက်တမ်းကျန်ရှိနေတဲ့ အသက်အရွယ် အပိုင်းအခြား၊ လူငယ်တွေရဲ့ဘဝက ဘာမှကို လုပ်လို့မရအောင် ဒီကောင်တွေက ထိန်းချုပ်ထားတဲ့သဘောပဲ။ ပညာရေးအတွက် အစောကတည်းက နှောင့်နှေး၊ စီးပွားရေးတွေကလည်း နှောင့်နေးပါတယ်ဆိုနေမှ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် သူခိုးသေဖော်ညှိတယ်လို့ပဲ ကျနော်တို့တော့ ခံစားရပါတယ်” လို့ ပြောပါတယ်။

နည်းဥပဒေပါ ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ် အပိုင်းအခြားက လူငယ်အားလုံးကို ပြည်ပထွက်ခွင့်ပိတ်ပင်လို့ မရကြောင်း ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေတယောက်က သုံးသပ်ပါတယ်။

“၅၁ မှာ အမိန့်စာကို ရရှိသူလို့ အတိအလင်း ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်းနဲ့ ပတ်သက်လို့ အမိန့်စာရရှိသူ ဆေးအောင်မြင်ပြီးတဲ့သူလို့ သုံးထားတာဖြစ်တဲ့အတွက် အဲဒီနှစ်မျိုးကလွဲရင် ကျန်တဲ့လူတွေက နိုင်ငံခြားထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ အဲဒါကို နိုင်ငံခြားထွက်ခွင့် မပြုဘူးဆိုရင် နည်းဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာရောက်တယ်။ တကယ်လို့ ဒါကိုလုပ်တယ်ဆိုရင် လာဘ်ပေးလာဘ်ယူချင်လို့၊ ပိုက်ဆံလိုချင်လို့ တမင် လူငယ်တွေကို ခွင့်မပြုတာလို့ မြင်တယ်။”

အသက် ၃၀ ကျော်အရွယ် လူငယ်တယောက် အမျိုးသားတယောက်ကတော့ ပြည်ပထွက်ဖို့ ပြင်ဆင်နေပေမဲ့ အခုလို နည်းဥပဒေထွက်လာပြီးတဲ့နောက်မှာတော့ ပြည်ပထွက်ဖို့ကို လက်လျှော့လိုက်ကြောင်း ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို စစ်မှုထမ်းရမယ့်အရွယ် ရောက်သူလို့ ဖော်ပြထားပြီး မလိုက်နာရင် ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ-က အရ ထောင် ၃ နှစ်နဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ် ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် သင်တန်းပေးလာရာ ဒီလထဲမှာ အပတ်စဉ် ၉ တွေကို စတင် သင်တန်းပေးနေပါတယ်။

အဓမ္မ စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်သင်တန်းဆင်း လူငယ်လူရွယ်တွေကို စစ်ကောင်စီတပ်က ရှေ့တန်းစစ်မျက်နှာကို ချက်ချင်းပို့ဆောင်နေလို့ အကျအဆုံး များနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဧရာဝတီတော်လှန်ရေးအဖွဲ့ဝင်တယောက်က “စစ်ထဲ အရင်က ပေါ်တာဆွဲတာလုပ်တာ။ အခု မြို့တွေ လူပျောက်တာတွေ ဖြစ်နေတာ။ ဘယ်သူမှမဝင်လို့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း လုပ်နေရတာလေ၊ တိုက်ပွဲ ပြေး၊ အခု တပ်ရင်းထဲ ထွက်ပြေးတာရှိနေတာ” လို့ ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ကတော့ တပ်မတော်သားတွေဟာ ဘယ်သူ့တိုက်တွန်းချက်မှ မပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်လိုတဲ့စိတ်နဲ့ ဝင်ရောက်အမှုထမ်းခဲ့သူတွေ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။

မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက အတည်ပြု ပြဋ္ဌာန်းထားတာဖြစ်ပြီး လက်ရှိ  အာဏာသိမ်း စစ်ကောင်စီလက်ထက် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကျအဆုံး များလာချိန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ဒီဥပဒေကို ပြန်လည်အသက်သွင်း စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013