DVB Logo
Home
မြန်မာသတင်း
နှုတ်ပိတ်လိုသဖြင့် စစ်သုံ့ပန်းများထားသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲခြင်းဖြစ်ဟု သုံးသပ်
DVB
·
January 27, 2025
နှုတ်ပိတ်လိုသဖြင့် စစ်သုံ့ပန်းများထားသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲခြင်းဖြစ်ဟု သုံးသပ်
Donate to DVB

ရခိုင်ပြည်နယ်မှာ AA လက်ရဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက တမင်တကာ ရည်ရွယ်ချက်ရှိရှိ နှုတ်ပိတ်ချင်တဲ့အတွက် ဗုံးလာကြဲတာ ဖြစ်တယ်လို့ လေတပ် CDM နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်းတွေနဲ့ မိသားစုတွေ ထားရှိတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ထက်မနည်းရှိလာပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲမှာ စစ်ကောင်စီက မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီး စစ်သုံ့ပန်း မိသားစုဝင်တွေ ထားရှိတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၂၈ ယောက် သေဆုံးခဲ့ပြီး ၂၅ ယောက်  ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

လေတပ် CDM တပ်ကြပ်ကြီး ဇေယျ က “သုံ့ပန်းမှန်းသိလျက်နဲ့ ကြဲတာဆိုတော့ နှုတ်ပိတ်တဲ့ပုံ စံမျိုးဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရခိုင်မှာက ဂျီနိုဆိုက်ပြသာနာတွေပါ ဖြစ်ထားတယ်၊ ပြီးတော့ ICC ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြီး တောင်းဆိုထားတဲ့အဆင့်ဆိုတော့ ရခိုင်မှာ တာဝန်ကျတဲ့ စစ်သည်တွေက ရခိုင်ပြည်မှာဖြစ်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးကို တရားလိုပြသက်သေဖြစ်သွားနိုင်တယ်၊ ဒါ့ကြောင့် နှုတ်ပိတ်ပြီးတော့ ကြဲချတာလည်း ဖြစ်နိုင်ပါတယ်။ တပ်ထဲမှာကျတော့ တပ်ထဲကလူတွေကို AA ဘက်က တမင်တကာ သွေးခွဲတယ်ဆိုပြီးတော့ ဝါဒဖြန့်တာပေါ့နော်၊ စစ်ခေါင်းဆောင်တွေမှာ ဘယ်တော့မှ ရဲဘော်ရဲဘက်စိတ် ဆိုတာမရှိဘူး၊ ဒါ့ကြောင့် အခုလိုဖြစ်စဉ်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

အလားတူ စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲက မောင်တောမြို့၊ ၄ မိုင် (နခခ-၂) စခန်း စစ်သုံ့ပန်းတွေ ယာယီထားရှိတဲ့နေရာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၅၀ ကျော် နေရာမှာတင် သေဆုံးခဲ့ပြီး အမြောက်အမြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာက စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေ ဆေးကုပေးနေတဲ့နေရာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၇ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

စစ်‌ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေက စစ်ပွဲဆိုင်ရာ စစ်ရာဇဝတ်မှုမြောက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

NUG လူ့အခွင့်ရေးပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းတိုက်ခိုက်မှုက စစ်ပွဲအရ တိုက်ခိုက်မှုဖြစ်ပါတယ်၊ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲမှာ ပါဝင်တဲ့သူတွေမဟုတ်တဲ့သူတွေ အားလုံးက အရပ်သားတွေ ဖြစ်ပါတယ်။ အရပ်သားတွေကို အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မဖြစ်အောင် ကာကွယ်ပေးရမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေအရ မဖြစ်မနေစောင့်ထိန်းရမှာ အဖွဲ့တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အဲကာလမှာ စစ်သုံ့ပန်းပဲဖြစ်ဖြစ်၊ ဘက်ပြောင်းလာတဲ့သူပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဒါတွေကို တိုက်ခိုက်မှု လုံးဝမလုပ်ရပါဘူး။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တာက ပိုမိုကြီးမားတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ ချိုးဖောက်မှုဖြစ်သလို ဘယ်လိုမှမလုပ်ဆောင်သင့်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတခုပါ” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရှုံးနေတာကြောင့် ရခိုင်ပြည်နယ်အပြင် တခြားတိုက်ပွဲဖြစ်တဲ့ ဒေသတွေက စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ စစ်ရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။

၂၀၂၅ ခုနှစ်စပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးလုပ်ဆောင်လာနေတာကြောင့် လေကြောင်းရန်အန္တရာယ်ကို အရင်ကထက် ပိုပြီးသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကို သတိထား သုံးစွဲကြဖို့ ရခိုင််ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က သတိပေး တိုက်တွန်းထားပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013