DVB Logo
Home
နိုင်ငံတကာ
ဂါဇာမှ ပါလက်စတိုင်းများကို လက်ခံရန် ထရမ့်ပ်အဆိုပြုမှု အီဂျစ်နှင့် ဂျော်ဒန် ငြင်းဆန်
DVB
·
January 27, 2025
ဂါဇာမှ ပါလက်စတိုင်းများကို လက်ခံရန် ထရမ့်ပ်အဆိုပြုမှု အီဂျစ်နှင့် ဂျော်ဒန် ငြင်းဆန်
Donate to DVB

စစ်ပွဲကြောင့် ထောင်းလမောင်းကြေနေတဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို ဂျော်ဒန်နဲ့ အီဂျစ်က လက်ခံနေရာချထားပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို နှစ်နိုင်ငံစလုံးကရော ကမ်းမြောင်ကို ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကရော ပယ်ချလိုက်ပါတယ်။

လက်ရှိမှာလည်း ဂျော်ဒန်မှာ ပါလက်စတိုင်း သန်းဂဏန်းအထိ လက်ခံထားသလို အီဂျစ်မှာလည်း သောင်းချီရှိနေပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံစလုံးကရော အာရပ်နိုင်ငံတွေကပါ ဂါဇာက ပါလက်စတိုင်းတွေ သူတို့နိုင်ငံကို ပို့မယ့်အယူအဆကို ပယ်ချထားကြပါတယ်။

ဂါဇာမှာ ဂျူးတွေ အခြေချမှု ပြန်လည်စတင်ရေး တောင်းဆိုထားတဲ့ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမိုထရစ်ချ်ကတော့ ထရမ့်ပ်ရဲ့ တောင်းဆိုမှုဟာ အင်မတန်ကောင်းတဲ့ အိုင်ဒီယာလို့ ပြောခဲ့ပြီး ဒါကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ဆွဲဆိုရင် ဆွဲပေးမယ်လို့ ပြောပါတယ်။ 

ဂါဇာကမ်းမြောင်ကို ရှင်းလင်းပစ်ပြီး အဲဒီက ပါလက်စတိုင်း တသန်းကျော်ကို တခြားနိုင်ငံတွေမှာ အိမ်ရာတွတည်ဆောက်၊ ရွှေ့ပြောင်းနေရာချထားဖို့ကို ဂျော်ဒန်ဘုရင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

“လူတွေကို လက်ခံဖို့ပေါ့။ အီဂျစ်ကိုလည်း လက်ခံစေချင်တယ်။ မနက်ဖြန် တချိန်ချိန်မှာ (အီဂျစ်သမ္မတ) ဗိုလ်ချုပ်ကြီး အယ်လ်စီစီနဲ့ ပြောဖြစ်မယ်ထင်တယ်။ အီဂျစ်ရော ဂျော်ဒန်ကပါ လက်ခံစေချင်တယ်။ စုစုပေါင်း တသန်းခွဲလောက်ရှိမယ်။ ပြီးတော့ အဲဒီနေရာတခုလုံးကို ရှင်းလင်းပစ်ရမယ်” လို့ ထရမ့်ပ်က အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီ ကတော့ “နှစ်နိုင်ငံအတူယှဉ်တွဲပေါ်ပေါက်ရေးကသာ  ငြိမ်းချမ်းရေးအောင်မြင်ဖို့လမ်းကြောင်း ဖြစ်တယ်ဆိုတဲ့ သဘောထားက ခိုင်မာပြီး မပြောင်းလဲပါဘူး။ နေရပ်စွန့်ခွာရေးကို ပယ်ချတာကလည်း  ခိုင်မာပြီး မပြောင်းလဲတဲ့ သဘောထား ဖြစ်ပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါလက်စတိုင်းတွေကို သူတို့နယ်မြေကနေ  “ရေတိုဖြစ်စေ၊ ရေရှည်ဖြစ်စေ ရွှေ့ပြောင်းနေရာချထားတာကို ပြတ်ပြတ်သားသား ပယ်ချတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အနောက်ဘက်ကမ်းမှာ အခြေစိုက်တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင် မာမွတ် အဘားစ်ကလည်း ထရမ့်ပ်ရဲ့ မှတ်ချက်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းတွေဟာ သူတို့အမိမြေကို စွန့်ခွာမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ ဟားမားစ်အဖွဲ့ရဲ့ အကြီးတန်းအရာရှိ မိုဟာမက် နက်ဇယ် ကလည်း “လူမျိုးတုံးသတ်ဖြတ်မှုကို ခံနေရတဲ့အချိန်တောင် ဂါဇာကမ်းမြောင်ကနေ နေရပ်စွန့်ခွာခြင်း မရှိခဲ့ဘဲ သူတို့မြေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေဟာ စစ်ပွဲရပ်တန့်သွားပြီး ဂါဇာကမ်းမြောင်ကို ပြန်လည်တည်ဆောက်ရေး လုပ်ရမယ့်အချိန်၊ အကူအညီတွေ ပိုမိုစီးဆင်းလာတဲ့ အချိန်ကျမှ ဘာကြောင့် ရွှေ့ပြောင်းရပေးရမှာလဲလို့ တုံ့ပြန်ချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်း ဆိုပြီး ဒေသနှစ်ခုကို အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ နယ်မြေဖြစ်ရမယ်လို့ နိုင်ငံတကာက လက်ခံထားပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ချိန်က ပါလက်စတိုင်း ၂ ဒသမ ၃ သန်းဝန်းကျင် နေထိုင်ခဲ့တာဖြစ်ပါတယ်။

မလွတ်သေးတဲ့ အစ္စရေးဓားစာခံတယောက်ကိစ္စ ပြေလည်ပြီးတဲ့နောက်မှာ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ ဇန်နဝါရီ ၂၇ ရက်မှာ ဂါဇာမြောက်ပိုင်းကို ပြန်ခွင့်ရပြီဖြစ်ပါတယ်။

မြောက်ပိုင်းကိုပြန်တဲ့ ပါလက်စတိုင်း အရေအတွက်ဟာ ၆ သိန်းခွဲအထိ ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတည်းက နတ်ဇာရင်စင်္ကြံလို့ခေါ်တဲ့ လမ်းကြောင်းအတိုင်း ဂါဇာမြောက်ပိုင်းကို ပြန်ဖို့ထွက်လာကြတာ ဖြစ်ပေမဲ့ အစ္စရေးဓားစာခံ အမျိုးသမီး အာဘယ်ယေဟုဒ် ပြန်မလွတ်တဲ့အတွက် အစ္စရေးက ပေးမပြန်ဘဲ စစ်ဆေးရေးဂိတ်တွေမှာ တားဆီးထားတာ ဖြစ်ပါတယ်။

အပစ်ရပ် သဘောတူညီချက်အရ ပထမဆုံးလွှတ်ရမယ့် ဓားစာခံ နှစ်သုတ်မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ယေဟုဒ်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ စနေနေ့မှာ ဟားမတ်စ်အဖွဲ့က ယေဟုဒ်ကို လွှတ်မပေးနိုင်ခဲ့ဘဲ အဲဒီအစား အစ္စရေးစစ်သမီး ဓားစာခံ ၄ ယောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကြောင့် ဟားမတ်စ်ဘက်က အပစ်ရပ်သဘောတူညီချက် ချိုးဖောက်တယ်လို့ အစ္စရေးဘက်က စွပ်စွဲခဲ့ပြီး ဂါဇာမြောက်ပိုင်းပြန်မယ့်သူတွေကို တားဆီးခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ညှိနှိုင်းရေးမှူးတွေထံ ယေဟုဒ် အသက်ရှင်နေသေးကြောင်း အထောက်အထားတွေ ဟားမတ်စ်ဘက်က တင်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ တခြား ဓားစာခံ ၂ ယောက်နဲ့အတူ လွှတ်ပေးမယ်လို့ပါ သဘောတူညီထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဂါဇာအလယ်ပိုင်းက ပထမဆုံးဂိတ်ကို ဇန်နဝါရီ ၂၇ ရက် မနက် ၇ နာရီမှာ စဖွင့်ပေးခဲ့ပြီး အဓိက မြို့ကြီးဖြစ်တဲ့ ဂါဇာစီးတီးကို ဒေသခံတချို့ မနက်ပိုင်းမှာတင် ပြန်လည်ရောက်ရှိလာကြတဲ့ ရုပ်သံမြင်ကွင်းတွေကို မြင်တွေ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013