DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းရန် အမျိုးသမီးများကို စာရင်းကောက်နေသဖြင့် စိုးရိမ်မှုများရှိနေ  
DVB
·
January 27, 2025
ရန်ကုန်တွင် စစ်မှုထမ်းရန် အမျိုးသမီးများကို စာရင်းကောက်နေသဖြင့် စိုးရိမ်မှုများရှိနေ  
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့အသက် အကျုံးဝင်တဲ့ အမျိုးသမီးတွေကိုပါ စာရင်းကောက်တာတွေ လုပ်နေတာကြောင့် စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။  

စစ်မှုထမ်းဖို့ အမျိုးသားတွေစာရင်းအပြင် အမျိုးသမီးစာရင်းတွေပါ ကောက်လာတာကြောင့် နယ်ကနေ လာရောက်လုပ်ကိုင်သူတွေ၊ အလုပ်ထွက် ရွှေ့ပြောင်းတာတွေ ရှိလာတယ်လို့လည်း သူတို့က ဆိုပါတယ်။  

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတယောက်က “ဒီဘက်က စက်ရုံတွေမှာ လုပ်နေတဲ့ ကလေးမတွေဆို ကြောက်ပြီး အိမ်ပြန်တာ၊ တခြားနေရာ ရွှေ့သွားကြတာတွေ တော်တော်များတယ်။ ဒီရက်ထဲမှာကို စာရင်းတွေ လိုက်ကောက်နေတာ၊ အရင်စစ်မှုထမ်းကိစ္စကို အကြောင်းပြပြီး လစဥ်ကြေးကောက်တာကိုတော့ ဒီလမှာ အခုထိတော့ လာမကောက်သေးဘူး” လို့ ပြောပါတယ်။  

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာလည်း စစ်မှုထမ်းစာရင်းတွေ ကောက်နေတာကြောင့် အသက်အကျုံးဝင်တဲ့သူတွေရဲ့ မိဘတွေ စိုးရိမ်သောက ရောက်နေကြရတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။  

“တချို့မိဘတွေဆို သူတို့သားသမီးတွေ စစ်မှုထမ်းရမှာစိုးတဲ့စိတ်နဲ့ ကျန်းမာရေးထိခိုက်တာတွေပါ ရှိနေတယ်။ အကုန်လုံးက အဲဒီကိစ္စအတွက်ကိုပဲ စိတ်ညစ်နေကြတာ။" 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်အသက်သွင်းလိုက်ပြီး နည်းဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။  

နည်းဥပဒေမထွက်ခင်အချိန်အထိ စစ်မှုထမ်းအပတ်စဥ် ၆ အထိ ဖွင့်လှစ်ကာ အမျိုးသားတွေကို စစ်မှုထမ်းဖို့ စုဆောင်းခဲ့ပြီး သင်တန်းဆင်းသူတွေကို ရှေ့တန်းပို့ အားဖြည့်တာတွေ လုပ်ခဲ့ပါတယ်။  စစ်မှုထမ်းနည်းဥပဒေ ထွက်ပြီးနောက်မှာ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ အမျိုးသမီးတွေ စာရင်းကိုပါ ကောက်လာတာဖြစ်သလို ​လူငယ်တွေ ပြည်ပထွက်ခွင့်ကိုပါ ပိတ်လိုက်ပါတယ်။  

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းရမယ်လို့ သိရပါတယ်။  

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် အခြား အတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဆိုရင် စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013