DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်းတွင် ဖမ်းဆီးခံရသည့် ရခိုင်စစ်ရှောင် ၅ ဦး ထောင် ၅ နှစ်ချမှတ်ခံရ
DVB
·
January 26, 2025
ငါးသိုင်းချောင်းတွင် ဖမ်းဆီးခံရသည့် ရခိုင်စစ်ရှောင် ၅ ဦး ထောင် ၅ နှစ်ချမှတ်ခံရ
Donate to DVB

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ငါးသိုင်းချောင်းမြို့မှာဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသား ၅ ယောက်ကို ရေကြည်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနီးစပ်သူတွေဆီက သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် အမျိုးသား ၅ ယောက်ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာပထမအပတ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ ရေကြည်မြို့နယ် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခဲ့တာလို့ဆိုပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရတဲ့သူတွေထဲက အမျိုးသား ၅ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရေကြည်တရားရုံးက ထောင်ဒဏ်ချမှတ်တာလို့ သိရတယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ အမိန့်ချတာ” လို့ ပြောပါတယ်။

အဖမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင်တွေဟာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ငါးသိုင်းချောင်းမြို့၊ ရွှေယဉ်ပျော်ကျေးရွာနာမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ထိတွေ့တိုက်ပွဲဖြစ်လို့ ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတဲ့ ရခိုင်စစ်ဘေးရှောင်တွေပါ။ AA နဲ့၊ PDF နဲ့ ပတ်သက်မှုရှိတဲ့လူတွေဆိုပြီး ဖမ်းခဲ့တာ။ သူတို့ကအရပ်သားတွေပါ။ ဧရာဝတီတိုင်းနဲ့ရခိုင် ကုန်ကူးနေတဲ့ လုပ်ငန်းလုပ်နေသူတွေပါတယ်” လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့စစ်ဘေးရှောင် ၅ ယောက်ဟာ အသက် ၂၇ နှစ်အရွယ် ၃ ယောက်နဲ့ အသက် ၃၀ ဝန်းကျင် ၂ ယောက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိကြောင်း စစ်ကောင်စီတပ်နဲ့ တရားရုံကို ခုခံချေပတင်ပြပေမယ့် မရဘူးခဲ့လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေး ဂိတ်မှာဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင်အမျိုးသားတယောက်ကို အကြမ်းဖက်ဥပဒေနဲ့ ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ နှစ်အထိချမှတ်ခဲ့သေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက်ကလည်း ရေကြည်မြို့နယ်ကိုရောက်နေတဲ့ ရခိုင်က စစ်ရှောင် ၉ ယောက်၊ ဒီဇင်ဘာ ၈ ရက်က ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရခိုင်က စစ်ရှောင် အယောက် ၂၀၊ အောက်တိုဘာ ၁၁ ရက်က ကြံခင်းမြို့နယ်မှာရောက်နေတဲ့ ရခိုင်စစ်ရှောင် အမျိုးသမီး တယောက်အပါအဝင် ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013