
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှ်ထရာပြည်နယ်မှာ ဇန်နဝါရီ ၂၄ ရက်က စစ်လက်နက်ပစ္စည်း စက်ရုံမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှ ၈၃၀ ကီလိုမီတာနီးပါး အကွာရှိ ဘန်ဒါရာခရိုင်မှာ တည်ရှိတဲ့ အဲဒီစက်ရုံမှာ ပန်ကာတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
“ဘန်ဒါရာ လက်နက်စက်ရုံမှာ ကြီးမားတဲ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီးတော့ ပဏာမ အချက်အလက်တွေအရ လူ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်” လို့ မဟာရပ်ရှ်ထရာ ပြည်နယ်မှ ပြည်ထောင်စု သယ်ယူပို့ဆောင်ရေး ဝန်ကြီး နီတင် ဂါဒ်ကာရီ က နဂ်ပူရ်မြို့မှာ ကျင်းပတဲ့ ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ စက်ရုံအမိုး ပြိုကျခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အစောပိုင်းမှာ ပြောကြားခဲ့ပြီး လုပ်သား ၁၃-၁၄ ဦးလောက် အထဲမှာ ပိတ်မိနေမှာကို စိုးရိမ်ရပြီး လူ ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိ လာခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖှဒ်နာဗစ်စ်က X ပို့စ်မှာ ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှု ဘာကြောင့် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source : Reuters