DVB Logo
Home
မြန်မာသတင်း
သန်လျင်တံတားဖြတ်ခ တရက် ကျပ်သိန်း ၈၀ ဝန်းကျင်ရနေ
DVB
·
January 25, 2025
သန်လျင်တံတားဖြတ်ခ တရက် ကျပ်သိန်း ၈၀ ဝန်းကျင်ရနေ
Donate to DVB

သန်လျင်တံတား အမှတ် ၃ မှာ မော်တော်ယာဉ်ဖြတ်သန်းခကောက်ခံနေတာကို ဆောက်လုပ်ရေးဌာနက စိုက်ထုတ်ပေးထားတဲ့ပမာဏကြေမှပဲ ပုဂ္ဂလိကကိုချထားပေးမယ်လို့ သိရပါတယ်။

ရန်ကုန်၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး (သန်လျင်တံတား အမှတ် ၃) ကို  ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီး ယာဉ်ဖြတ်သန်းခတွေကောက်ခံနေရာမှာ တရက်ကို ကျပ် သိန်း ၈၀ လောက်ဝင်ငွေရှိတယ်လို့ တံတားအထူးအဖွဲ့ ၁ (ယန္တယားတပ်ခွဲတောင်)ရဲ့ ဝန်ထမ်းတွေဆီက သိရပါတယ်။

ဝန်ထမ်းတယောက်က “တံတားကြေးကတော့ များတဲ့နေ့ရှိသလို နည်းသွားတာလည်းရှိတယ်။ ပျမ်းမျှကတော့ သိန်း ၈၀ ဝန်းကျင်ကတော့ပုံမှန်ရတယ်။ ပုဂ္ဂလိကကိုပေးဖို့အစီအစဉ်မရှိသေးဘူး။ တံတားကြေးကောက်ခံတာ အလေအလွင့်မရှိဖို့ ဆောက်လုပ်ရေးဌာနက ဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး ကြီးကြပ်နေကြတယ်။ နောက်တခုက တံတားပြီးဖို့ နိုင်ငံတော်ဘက်ဂျက်ကနေ စိုက်ပေးထားတဲ့ ပမာဏကြေမှပဲ ပုဂ္ဂလိကကိုချပေးမယ်လို့သိရတယ်။ အခုကောက်ခံရရှိနေတဲ့ ပမာဏထက်ပိုရလာတယ်ဆိုရင်တော့ ပုဂ္ဂလိကကိုပေးမယ်မထင်ဘူး” လို့ ပြောပါတယ်။

ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် ၃ တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက်က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာတော့ စစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် ဂျပန်နိုင်ငံက အကူအညီတွေ ရပ်ဆိုင်းသွားခဲ့ပြီး စစ်ကောင်စီက ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတံတား ယာဉ်ဖြတ်သန်းခအဖြစ် အိမ်စီးကားတစီး ကျပ် ၅၀၀၊ ခရီးသည်တင်ယာဉ်ငယ် ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာကားတွေကိုတော့ ၁,၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်ကြီး ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်တွေကို ၂၀၀၀ ကျပ်နဲ့ ကုန်တင်ယာဉ်ကြီးတွေကိုတော့ ကားအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံးကျပ် ၄,၀၀၀ ကနေ ၂၂,၀၀၀ ကျပ်အထိ ကောက်ခံနေတာပါ။

တံတားရဲ့ တန်ပိုဒဏ်ကြေးတွေကတော့ များလွန်းတယ်လို့ ကားသမားတွေက ဝေဖန်ကြပြီး အရေးမကြီးဘူးဆိုရင်တော့ တံတားအဟောင်းကပဲဖြတ်သန်းတယ်လို့ ပြောပါတယ်။

၆ ဘီး၊ ၈ ဘီး ကုန်တင်ယာဉ်တွေက ဖြတ်သန်းခ ၄၀၀၀ ကျပ် နဲ့ တန်ပိုတင်ဆောင်ရင် ဒဏ်ကြေး ၁၂,၀၀၀ ကျပ်၊ ၁၀ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး ကုန်တင်ကားကြီးနဲ့ တွဲကားတွေက တံတားဖြတ်သန်းခ ၁၂,၀၀၀ ကျပ်နဲ့ တန်ပိုဒဏ်ကြေး ၂၂,၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီးတွေကိုတော့ တံတားဖြတ်သန်းခ ၂၂,၀၀၀ ကျပ် နဲ့ တန်ပိုကြေး ၆၆,၀၀၀ ကျပ်၊ ကုန်မပါ တွဲကားတွေကိုတော့ ၄,၀၀၀ ကျပ် ကောက်ခံနေတာပါ။

တံတားအသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်နဲ့ ကောက်ခံသွားမယ်လို့လည်း ဆောက်လုပ်ရေးဌာနဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013