
ရခိုင်ပြည် ၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်၊ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက် ညအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် ည ၁၁ နာရီလောက်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးလာရောက်ကြဲချခဲ့ တာကြောင့် အသက် ၂၆ နှစ်အရွယ် ကိုကြာပီ သေဆုံးသွားပြီး နောက်ထပ် အရပ်သား ၂ ယောက် လည်း ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
ဒေသခံတယောက်က “ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ လူတွေ ထိခိုက် သေဆုံးမှုတွေလည်း ရှိပါတယ်။ အများစုကတော့ စစ်ဘေးရှောင်နေကြပါတယ် အခုလိုမျိုးဖြစ်မှာ ကြောက်ပြီးတော့ပါ၊ တချို့ကျလည်း မရှောင်ဘဲနေနေကြတယ်။ တယောက်သေတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ဘယ်လောက်ရှိနေလဲတော့ တိတိကျကျ မသိရသေးပါဘူး အပျက်စီးတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထောင့်ချိန်ကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းထိခိုက်ပျက်စီးခဲ့ပါတယ်။
အခု ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ထောင့်ချိန်ကျေးရွာက ကျောက်နီမော်ကျေးရွာနဲ့ လမ်းလျှောက်သွားရင် ၁၅ မိနစ်လောက်သာ သွားရတဲ့ ရွာလည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၈ ရက်ကလည်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂၆ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ယောက်နဲ့ နေအိမ် ၄၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ် နှစ်စပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှုတွေကိုပိုပြီး လုပ်ဆောင်လာနေတာကြောင့် လေကြောင်းရန် အန္တရာယ်ကို အရင်ကထက် ပိုပြီးသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကို သတိထားသုံးစွဲကြဖို့ အာရက္ခတပ်တော်က သတိပေးတိုက်တွန်း ထားပါတယ်။
ကေခိုင်










