DVB Logo
Home
မြန်မာသတင်း
ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးဝါးအကူအညီလိုအပ်နေ
DVB
·
January 10, 2025
ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူများ ဆေးဝါးအကူအညီလိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်မှာ ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသဖို့ အရေးပေါ် ဆေးဝါးလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား သေဆုံးသူ ၄၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကာ လူနေအိမ် ၅၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး သေဆုံးခဲ့တာရှိသလို မီးလောင်မှုကြောင့်လည်း သေဆုံးခဲ့တာရှိပြီး ဒဏ်ရာရရှိခဲ့သူတွေကို အရေးပေါ် ဆေးဝါးကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ ရမ်းဗြဲဒေသခံတယောက်က ပြောပါတယ်။

“မွတ်ဆလင်တွေ အများစုနေထိုင်ကြတဲ့ ရွာရဲ့တောင်ပိုင်းကို ဗုံးကြဲခဲ့တာဖြစ်ပြီး မီးကူးပြီးတော့ မြောက်ပိုင်း ရပ်ကွက်နဲ့ အလယ်ပိုင်းရပ်ကွက်တွေကို မီးကူးပြီးလောင်ခဲ့တယ်။ သေဆုံးသွားတဲ့ သူတွေမှာ လေကြောင်းတိုက်ခိုက်လို့ သေဆုံးမှုရှိကြသလို မီးလောင်ပြီးတော့လည်း သေဆုံးခဲ့ကြတာတွေ ရှိတယ်။ သေသွားတဲ့အထဲ ကလေးနဲ့ သက်ကြီးပိုင်းတွေ အများကြီး ပါသွားတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ အာရက္ခတပ်တော်က တတ်နိုင်သလောက် ဖြည့်ဆည်းပြီးတော့ ဆေးကုသပေးနေကြတယ်။ ဆေးဝါးမပြည့်စုံတာကြောင့် လိုအပ်ချက်ကတော့ ရှိတယ်။”

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများစုဟာ မွတ်ဆလင်တွေဖြစ်ကြပြီး ကျောက်နီမော်ကျေးရွာဟာ ရခိုင်နဲ့ မွတ်ဆလင်၊ ကမန်တို့ အတူယှဉ်တွဲ နေထိုင်ကြတဲ့ စံပြရွာကြီးတခုဖြစ်ကာ မီးလောင်မှုကို ၆ နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရ ပါတယ်။

လက်ရှိ မီးလောင်ရာမှာ ပါသွားတဲ့ အိမ်ထောင်စု ၅၀၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ လိုအပ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်တခုမှမရှိတဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတာ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းမှာ စစ်ကောင်စီက ရခိုင်မှာ အရပ်သားပစ်မှတ်ထား တိုက်ခိုက်လာတာ ဆက်တိုက်ရှိတယ်။ ကျောက်နီမော်ဆိုရင်လည်း ULA/AA အခြေချ တပ်စွဲထားတာ တခုမှလည်း မရှိဘူး။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ စစ်ကောင်စီက တမင်ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်တယ်။ စစ်ကောင်စီဟာ ရခိုင်မှာ စစ်ရေးအရ တိုက်ခိုက်မနိုင်တဲ့အခါ ရခိုင်ပြည်သူတွေကို အငြိုးတေးထားပြီးတော့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဆက်တိုက်ကျူးလွန်လာတာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့လည်း‌ လေကြောင်းအန္တရာယ်ကို အရမ်းသတိထားကြဖို့ လိုအပ်လာပြီ။”

ကျောက်နီမော် လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်တိုက်ပွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံး ဖြစ်စဉ်တခုလည်း ဖြစ်လာပါတယ်။

အာရက္ခတပ်တော်က စစ်ရေးနဲ့ ဖြေရှင်းရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ပုဏ္ဏားကျွန်း၊ မြေပုံနဲ့ ရမ်းဗြဲမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အရပ်သား ၅၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013