DVB Logo
Home
မြန်မာသတင်း
မကွေးနှင့် ရခိုင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီး အပါအဝင် ၁၀ ဦးခန့် သေဆုံး
DVB
·
January 24, 2025
မကွေးနှင့် ရခိုင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီး အပါအဝင် ၁၀ ဦးခန့် သေဆုံး
Donate to DVB

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က တိုက်ပွဲတွေကနေ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတယောက် အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ဗိုလ်ကြီး ၂ ယောက် အပါအဝင် ၁၂ ယောက်ကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

PRA Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုနှစ် ဇန်နဝါရီလအတွင်းထဲမှာ မကွေးတိုင်းနဲ့ ရခိုင်ပြည် နယ်စပ်မျဥ်းတလျှောက်မှာ တိုက်ပွဲတွေ မပြတ်ဖြစ်နေတာ။ ရခိုင်ဘက်ကနေ စစ်ရှုံးပြီး ဒီ မကွေးတိုင်းဘက်ကို ထွက်ပြေးလာကြတဲ့ စစ်အုပ်စုနဲ့ကတော့ အဖြစ်များတာပေါ့။ နယ်တွေဘက်ကို စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းနဲ့လည်း တိုက်ပွဲတွေဖြစ်တာ ရှိပါတယ်” လို့ ​ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ တခြားတပ်ရင်းက စစ်ကြောင်းတွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲတွေအတွင်း ခမရ ၁၁၃ တပ်ရင်းက ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက် အရှင်ဖမ်းဆီးရရှိထားပြီး ဗိုလ်ကြီး ၂ ယောက်၊ အရာခံဗိုလ်တယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

PRA Magway ရဲ့ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က “ရခိုင်ပြည်နယ်ဘက်ကနေ ပြေးလာတဲ့သူတွေနဲ့ကော မကွေးဘက်က စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့ကောဆိုရင် တိုက်ပွဲတွေက နေ့တိုင်းလောက်နီးပါး ရှိနေတယ်။ သူတို့စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေ ပေးနေတယ်။ မကွေး တပ်မ ၉၉ ကတော့ မကွေးအနောက်ဘက်ခြမ်းတွေကို စုပြုံပြီး အင်အားတိုးမြှင့်နေတာတွေ တွေ့ရတယ်။ ကျနော်တို့တပ်ဖွဲ့တွေဘက်ကလည်း တဆင့်ချင်းစီ စစ်ရေးရည်မှန်းချက်တွေအတိုင်း အကောင်အထည် ဖော်နေပါတယ်။ မကြာခင်ကာလမှာ မြေပြန့်ဒေသတွေထဲအထိ ထိုးစစ်အရှိန် မြှင့်တင်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နေထိုင်စားသောက်ရေးကအစ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အနိုင်အထက်ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကနေ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နဲ့အတူ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက် ညနေပိုင်းကလည်း ငဖဲမြို့နယ်၊ မျှော်စင်ရွာအနောက်ဘက်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ MA3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သေးတယ်လို့ PRA Magway ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013