DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်  
DVB
·
January 23, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်  
Donate to DVB

ကချင်ပြည်နယ်မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က မြို့ကို လက်မလွှတ်ရရေးအတွက် မြေပြင်ကရော လေကြောင်းကနေပါ အပြင်းအထန် ခုခံနေပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက  ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရှိတဲ့ တပ်ရင်း ၂ ခုစလုံး ဝိုင်းရံပိတ်ဆို့ခံထားရတာ သီတင်း ၂ ပတ်ကျော် ကြာမြင့်လာပြီး စစ်ကောင်စီဘက်ကလည်း KIA တပ်တွေ ပိတ်ဆို့ထားတဲ့ကြားကနေ ဒရုန်း၊ လက်နက်ကြီးတွေ တန်ပြန်ပစ်ခတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီဘက်ကနေ စခန်းလက်မလွှတ်ရေးအတွက် နေ့တိုင်းနီးပါး လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက တိုက်ပွဲတဖန်ပြန်ပြီး ပြင်းထန်လာတယ်လို့  တိမ်းရှောင်နေတဲ့ ဗန်းမော်ဒေသခံက ပြောပါတယ်။

“ဗန်းမော်ကတော့ တိုက်ပွဲတော့ နေ့တိုင်းဖြစ်နေတုန်းပဲ။ နေ့စဉ်နေ့တိုင်းတော့ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနေ့ဆိုရင် မနက်ကတည်းက တိုက်ပွဲပြန်ပြီး ပြင်းထန်တယ်လို့ ပြောရမယ်။ ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားရတယ်ဗျ။ ပြီးတော့ လေကြောင်းကလည်း နေ့တိုင်းနေ့တိုင်း ပုံမှန်လာတယ်။ လေယာဉ်မလာတဲ့ရက်တွေဆိုရင် မရှိသလောက်ပဲ။ လွန်ခဲ့တဲ့ တရက်လောက်ကဆိုရင် စကစဘက်က လူလာချသွားတဲ့ အခြေအနေလည်း ရှိတယ်။ အဲလို ယူဆရတယ်။ မြို့ပေါ်မှာလည်း မီးခိုးက တက်နေတုန်းပဲ။ လေယာဉ်နဲ့ လာပစ်လိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက်၊ တိုက်ပွဲဖြစ်လိုက် အဲလိုဆို မြို့ပတ်ဝန်းကျင်မှာတော့ မီးခိုးတွေ တက်နေတာတော့ ပတ်ဝန်းကျင်မှာ တွေ့နေရတုန်းပဲ။”

လက်ရှိ ဗန်းမော်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်အားလုံးဟာ ဇန်နဝါရီ ၈ ရက်က မံစီမြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော် ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်းထဲမှာ ဝင်ရောက်ပုန်းရှောင်နေတာ ဖြစ်ပါတယ်။

ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်း ၂ ခုမှာ စစ်ကောင်စီတပ်သားတွေအပြင် အုပ်ချုပ်ရေးဆိုင်ရာ အကြီးပိုင်း ဝန်ထမ်းတချို့လည်း စစ်ကောင်စီတပ်သားတွေနဲ့အတူ သွားရောက် ပုန်းရှောင်နေကြတယ်လို့ ဗန်းမော်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာအပြင် နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် မြို့တွင်းရပ်ကွက်တွေထဲက အရပ်သားပြည်သူ နေအိမ်တွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။

ဗန်းမော်ဒေသခံတယောက်က “တချို့ တိုက်ပွဲ ခဏငြိမ်တဲ့အချိန် မြို့ထဲ သွားကြည့်တာတွေတော့ ရှိတယ်။ သူတို့ပြန်ပြောတာ ကြားရတာတော့ အိမ်တွေ တော်တော်များများ မီးလောင် ပျက်စီးသွားတယ်။ ဗီဒီယိုဖိုင်တွေလည်း တက်လာတာတွေ့တယ်။ ဗန်းမော်မြို့ထဲတော့ နေအိမ်တွေ တော်တော်လေး ပျက်စီးနေပြီ။ တိုက်ပွဲကလည်း ကြာလာပြီ။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတော့။ ကျနော်တို့အိမ်တော့ မသိဘူး။ တဖက်ကမ်းမှာပဲ ပြန်ရနိုးနိုးနဲ့ စောင့်နေကြတာ။ လေယာဉ်ကတော့ နေ့တိုင်းလာကြဲတယ်။ တခါတလေဆို တရက်ထဲကို ခဏခဏလာတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ မံစီမြို့နဲ့အတူ တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ တကြော့ပြန် ပြန်လည်တိုက်ခိုက်နေတာပါ။

ဇန်နဝါရီ ၈ ရက်မှာ မံစီမြို့တမြို့လုံးကို KIA တပ်တွေ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဗန်းမော်မြို့မှာတော့ တိုက်ပွဲကာလ ၂ လနီးပါး ကြာမြင့်လာသလို မြို့တွင်းရပ်ကွက်တွေ တော်တော်များများမှာ KIA နဲ့ ပူးပေါင်းတပ်တွေက နေရာယူထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013