DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ပေါ် စစ်ကောင်စီ တည်ဆောက်မည့် အနိမ့်တမံစီမံကိန်း ဖြစ်နိုင်ခြေနည်းပါး
DVB
·
January 20, 2025
ဧရာဝတီမြစ်ပေါ် စစ်ကောင်စီ တည်ဆောက်မည့် အနိမ့်တမံစီမံကိန်း ဖြစ်နိုင်ခြေနည်းပါး
1 / 2
Donate to DVB

ဧရာဝတီမြစ်ပေါ်မှာ စစ်ကောင်စီက တည်ဆောက်မယ့် အနိမ့်တမံ ရေအားလျှပ်စစ်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သလို လက်တွေ့မှာ စစ်ကောင်စီအနေနဲ့ စီမံကိန်း တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နိုင်စွမ်း အားနည်းနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေကြောင့် ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ အနိမ့်တမံတွေ တည်‌ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဇန်နဝါရီ ၇ ရက်မှာ စစ်ကောင်စီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောခဲ့တာပါ။

ဧရာဝတီမြစ်ကြောင်းအတွင်း အနိမ့်တမံ တည်ဆောက်နိုင်ဖို့ နေရာ ၁၆ ခုရှိပြီး အဲဒီထဲက ဦးစားပေး ၄ နေရာကနေ အသင့်လျော်ဆုံးနေရာတခုမှာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဧရာဝတီမြစ်ပေါ်မှာ အနိမ့်တမံဆောက်ဖို့ ၂၀၂၃ ခုနှစ်တည်းက စီစဉ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က “အနိမ့်တမံ ဆောက်မယ်ဆိုရင် မြစ်ရေစီးကြောင်းက တချို့နေရာတွေက ဆောက်လို့ရနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ နွေရာသီ ရေတအားကျသွားတဲ့ အချိန်ကျရင် အနိမ့်တမံလည်း သိပ်အလုပ်တော့ ဖြစ်မယ့်ပုံ မပေါ်ပါဘူး။ ဧရာဝတီက နဂိုကနေမှ မြစ်ကြမ်းပြင် တက်လာတာရှိတယ်၊ မြစ်ရေနည်းသွားတဲ့အချိန်ဆိုရင် မြစ်ထဲမှာ နုန်းတို့ သဲတို့ ပို့ချတဲ့ အနေအထား ပိုများလာနိုင်တယ် ရေစီးနည်းသွားနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ စီမံကိန်းအသစ်တွေ တည်ဆောက်နိုင်ဖို့ နည်းပညာအရရော၊ ငွေကြေးအရပါ အားနည်းမှုတွေ များစွာရှိနေတာကြောင့် ဒါဟာ လက်တွေ့မကျတဲ့ စကားတွေသာ ဖြစ်တယ်လို့ NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးထက်နိုင်ဦးက ထောက်ပြပါတယ်။

“စကစ အနေနဲ့ အစွမ်းအစရှိလို့ စီမံကိန်းတွေအသစ်တွေ လုပ်ပြီး မီးပေးနိုင်ရင်တော့ မီးရရှိတဲ့ ပြည်သူတွေအတွက်ကတော့ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့အစိုးရလက်ထက်က သဘောတူထားတဲ့ စီမံကိန်းတွေတောင် ခုထိ အကောင်အထည်မဖော်နိုင်တာတွေ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာ‌တွေ ရှိပါတယ်။ စီမံကိန်းတခု ဖော်ဆောင်ဖို့ဆိုရင် အချိန်တွေ အများကြီး ယူရပါတယ်။ ခုလို စကစဟာ သူတို့ရဲ့ စစ်ရေးရော၊ အုပ်ချုပ်ရေးရော အဘက်ဘက်က ဆုတ်ယုတ်နေတာကြောင့် စီမံကိန်းတွေ လုပ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကတော့ ရှိမှာပါပဲ။ စကစ ကိုယ်တိုင်က တည်ဆောက်ဖို့ ငွေနဲ့ နည်းပညာ မရှိခြင်းကြောင့် လက်တွေ့မကျတဲ့ စကားတွေသာ ဖြစ်တယ်လို့ ယူဆပါတယ်။”

စစ်ကောင်စီက ဧရာဝတီမြစ်ထဲ အနိမ့်တမံဆောက်မယ့် အခြေအနေတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အပြင် ရေအားလျှပ်စစ်ဓာတ်အားအတွက် အနိမ့်တမံ တည်ဆောက်မယ့် ဒီဇိုင်းနဲ့ နေရာကို တိတိကျကျ မသိရှိရသေးတာကြောင့် အကျိုးသက်ရောက်မှုတွေကို ပညာရပ်အရ ပြောဖို့ခက်ခဲပါတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ် ပြောဆိုပါတယ်။

Researcher Insight Research Corner Managing Director ဒေါက်တာလွင်လွင်ဝေက “အနိမ့်တမံပဲဖြစ်ဖြစ် ကြီးမားတဲ့ ရေအားလျှပ်စစ်တွေပဲဖြစ်ဖြစ် တည်ဆောက် အကောင်အထည်ဖော်တဲ့ အခါမှာ အကျိုးအမြတ် ခွဲဝေမှုအပိုင်းက တော်တော်ရှုပ်ထွေးပါတယ်။ တိုင်းရင်းသားလူမျိုးတွေ အနေနဲ့ရော ဒီဖွံ့ဖြိုးမှုစီမံကိန်းတွေဆီက အကျိုးအမြတ် မရနိုင်ဘူး။ သဘာဝအရင်းအမြစ်တွေဆီက ထုတ်ယူသုံးစွဲမှု အကျိုးအမြတ်တွေကို ဗဟိုအစိုးရကပဲ ရရှိနေတာဖြစ်တယ်။ တော်လှန်ရေးအစိုးရဘက်ကလည်း ဒါတွေက ထည့်သွင်း စဉ်းစားသင့်တယ်။ အခုလို နိုင်ငံ‌ရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မျိုးမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ အခါမျိုးမှာ အကျိုးအမြတ်ခွဲဝေမှု ပြဿနာကလည်း အများကြီးရှိနိုင်တယ်။ ဒါကြောင့် ခုလိုအချိန်မှာ ဖွံ့ဖြိုးမှုစီမံကိန်းတွေ လုပ်ဆောင်တာက ပဋိပက္ခကို ပိုဦးတည်စေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ တရက် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ၂,၂၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ရန်ကုန်တိုင်းကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အား ခွဲဝေပေးနေတယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013