
ရုရှားတောင်ပိုင်းက လူစည်ကားတဲ့ ကမ်းခြေတခုကို ဩဂုတ် ၃ ရက်နေ့မှာ ဒရုန်းထိမှန်ခဲ့တာကြောင့် ကလေး ၃ ယောက် အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူ ၄၀ ရှိပြီး ၁၇ ယောက် ဆေးရုံတင်ထားရတယ်လို့ ခရာစ်နိုဒါဒေသ အုပ်ချုပ်ရေးမှူး ဗင်နီယာမင် ကွန်ဒရာတီယက်ဗ်က ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ပင်လယ်နက်ကမ်းခြေ အာခီပို-အိုဆီပေါ့ဗ်ကာ ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ရုပ်သံထဲမှာ ဒရုန်းက ကမ်းပါးဆီ ပျံဝင်လာပြီး ကမ်းခြေပေါ် ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။
ဒါဟာ အရပ်သားတွေကို ရည်ရွယ်တိုက်ခိုက်တာလို့ ကွန်ဒရာတီယက်ဗ်က ယူကရိန်းကို စွပ်စွဲပါတယ်။ ယူကရိန်းဘက်ကတော့ ဒီဖြစ်ရပ်အပေါ် မှတ်ချက်မပေးသေးပါဘူး။
ဒရုန်းရဲ့ မူလပစ်မှတ်ကို မသိရသေးသလို အီလက်ထရွန်နစ် နှောင့်ယှက်မှုကြောင့် လမ်းကြောင်းပျက်သွားတာ ဖြစ်နိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ပေါက်ကွဲမှုမတိုင်မီ သေနတ်ပစ်သံတွေ ကြားခဲ့ရတာကြောင့် ရုရှားလေကြောင်းရန်ကာကွယ်ရေးက ဒရုန်းကို ပစ်ချဖို့ ကြိုးစားခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ဒရုန်းမလာခင် သတိပေးဥဩသံ မကြားခဲ့ရဘူးလို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ဆိုပါတယ်။
ဩဂုတ် ၁ ရက်နေ့ကတော့ ရုရှားဒုံးကျည်တွေ ကိယက်ဗ်မြို့ကို ထိမှန်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters










