
ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူ ရွှေဆိုင်ကို ဇန်နဝါရီ ၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက အမည်မသိ အမျိုးသား ၃ ယောက်က ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း သိန်းတသောင်းကျော်ဖိုး ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူ ရွှေဆိုင်ကို အမျိုးသား ၃ ယောက်က သေနတ်နဲ့ ဓားတွေ ကိုင်ဆောင် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဆိုင်ဖွင့်ချိန် ရွှေရောင်းမယ်ဆိုပြီး ဝင်လုတာ၊ ဆိုင်ကလူတွေကို ဘာမှမလုပ်သွားပေမဲ့ ရွှေထည် သိန်းတသောင်းကျော်ဖိုး ပါသွားတယ်။ ဆိုင်ရှင်အမျိုးသမီးက ထွက်အော်လို့ ဓားပြတိုက်ခံမှန်း သိတာ။”
ရွှေချစ်သူ ရွှေဆိုင်ကို အမည်မသိ အမျိုးသားတယောက် ဒီနေ့မနက် ၉ နာရီခွဲက ရောက်လာပြီး ရွှေရောင်းမယ်ပြောလို့ တံခါးဖွင့်ပေးရာ အမျိုးသား ၂ ယောက်ပါ ထပ်ရောက်လာပြီး ဆိုင်ရှင်၊ မန်နေဂျာနဲ့ ဝန်ထမ်းကို သေနတ်၊ ဓားတွေနဲ့ ချိန်ရွယ်ခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဆိုင်ဖွင့်ပြီး မကြာဘူး၊ ကောင်လေးတယောက်က ရွှေရောင်းချင်တယ်ဆိုလို့ တခါးဖွင့်ပေးလိုက်တာ အနောက်ကပါလာတဲ့ ၂ ယောက် ဆိုင်ရှင်နဲ့ ဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ချိန်ပြီး ရွှေတွေယူပြီး ရေချိုးခန်းထဲ ပိတ်ထားခဲ့တာ၊ ငွေက သိန်း ၅၀၀ ရယ် ရွှေထည်က သိန်းတသောင်းကျော်နဲ့ ဖုန်း ၃ လုံး ယူသွားတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်ရှိနေပြီး ရွှေဆိုင် CCTV မှတ်တမ်းကိုယူကာ လမ်း ၃၀၊ မော်တင်နဲ့ ဆူးလေဘုရားလမ်းဘက်မှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့က ရွှေဆိုင် ၁၄ ဆိုင်အထိ ဓားပြတိုက်ခံခဲ့ရပါတယ်။