
လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရဲ့ ထက်ဝက်လောက်ကိုပဲ ထုတ်လုပ်နိုင်ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ဖို့ LNG ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အကောင်အထည် ဖော်နိုင်ရေး စီစဉ်နေတယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာ ရေအားလျှပ်စစ်စက်ရုံ ၃၀ ရုံရဲ့ တပ်ဆင်စက်အင်အား ၃၂၃၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံရဲ့ တပ်ဆင်စက်အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံး စက်ရုံ ၂ ရုံရဲ့ တပ်ဆင်စက်အင်အား ၁၃၈ မဂ္ဂါဝပ်နဲ့ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၈ ရုံရဲ့ တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်ရှိပြီး စုစုပေါင်း ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်တဲ့ စက်တွေရဲ့ တပ်ဆင်စက်အင်အားမှာ ၆၈၇၈ မဂ္ဂါဝပ်၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရင် ၄၀၀၀ မဂ္ဂါဝပ်လောက်အထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဓာတ်အားပို့လွှတ်နေတဲ့ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြီး ၁၄ လိုင်းဟာ ဖျက်ဆီး ခံထားရလို့ ဓာတ်အား ၁ဝဝ၉ မဂ္ဂါဝပ် အသားတင် လျော့နည်းထုတ်လုပ်ရတယ်လို့ ဆိုပါတယ်။
ပြီးတော့ လက်ရှိဓာတ်အားထုတ်လုပ်မှာ အပူစွမ်းအင်သုံးစက်ရုံတွေမှာ သဘာဝဓာတ်ငွေ့သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာ ၅၀ ရာခိုင်နှုန်းလောက်ရှိပေမဲ့ သဘာဝဓာတ်ငွေ့ရတာနည်းနေလို့ အခုကာလအတွင်း ၂၉၁ မဂ္ဂါဝပ်လောက် မထုတ်နိုင်ဘူးလို့ ဆိုပါတယ်။
ယာဂီမုန်တိုင်းရဲ့သက်ရောက်မှုကြောင့်လည်း ရေကြီးရေလျှံခဲ့ပြီး အထက်ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်နေရလို့ ၁၄၀ မဂ္ဂါဝပ်လောက် လျော့နည်းနေပြီး ဓာတ်အားထုတ်လုပ်နိုင်မှု ၁၄၄၀ မဂ္ဂါဝပ်လောက် အသားတင်လျော့နည်း ထုတ်လုပ်ရတယ်လို့ ထုတ်ပြန်ပါတယ်။
အခုကာလမှာ တရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်လောက်ပဲထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးချ ဓာတ်အားခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်တိုင်းမှာ အုပ်စု ၃ စုခွဲပြီး ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ် အစီအစဉ်၊ မန္တလေးတိုင်းမှာ အုပ်စု ၄ စုခွဲပြီး ၃ နာရီပေး ၉ နာရီပိတ် အလှည့်ကျနဲ့ အုပ်စု ၄ စုခွဲပြီး ၄ နာရီပေး ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်၊ နေပြည်တော်မှာတော့ ပြည်သူတွေကို တရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ယာတွေကို ၁၈ နာရီပေး ၄ နာရီပိတ် အစီအစဉ်၊ ကျန် ပြည်နယ်နဲ့တိုင်းတွေမှာတော့ အုပ်စုတွေခွဲပြီး ၆ နာရီအလှည့်ကျအစီအစဉ်နဲ့ မီးပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ဖို့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေတာကြောင့် လက်ရှိအခြေအနေကို နားလည်ခွင့်လွှတ်ပေးဖို့ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာတော့ ခုရက်ပိုင်းအတွင်း လျှပ်စစ်မီးရော ရေပြတ်လပ်မှုပါ မြို့ခံပြည်သူတွေ ခံစားနေကြရပါတယ်။










