DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ကျဉ်း ၈ ရာနှုန်းကျော်သာ ပါဝင်
DVB
·
January 7, 2025
စစ်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်း ၁၆ ကြိမ်တွင် နိုင်ကျဉ်း ၈ ရာနှုန်းကျော်သာ ပါဝင်
Donate to DVB

အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၁၆ ကြိမ်နဲ့ အကျဉ်းသား ၁၀၁,၇၂၉ ယောက်ကို လွှတ်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ယောက်သာ ပါဝင်ပြီး ရာခိုင်နှုန်းအနေနဲ့ ပြန်လွှတ်ပေးခဲ့သူ စုစုပေါင်းရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာအင်စတီကျု (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့နှစ်သစ်နဲ့ အခါကြီးရက်ကြီးတွေမှာ အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးတာဟာ စစ်ကောင်စီရဲ့ သဘောထားကြီးမြတ်မှုကို ပြသချင်တာဖြစ်ပေမဲ့ ကိန်းဂဏန်းတွေအရ သဘောထားကြီးမြတ်မှုလို့ ယူဆလို့မရကြောင်း ISP Myanmar ရဲ့ အကြီးတန်းသုတေသီက ပြောပါတယ်။

“လွတ်ငြိမ်း ၁၆ ကြိမ်မှာ လွှတ်ပေးတာကတော့ ၁၀၁,၇၂၉ ဦး အနည်းဆုံးရှိခဲ့တယ်။ အဲဒီအထဲမှာမှ အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ဦးပဲ ပါပါတယ်။ ဒါဟာ ရာခိုင်နှုန်းအားဖြင့် တွက်ကြည့်မယ်ဆို စုစုပေါင်း လွှတ်ပေးတဲ့ ၁၆ ကြိမ်မှာ လွတ်တဲ့လူအရေအတွက်ရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါ အင်မတန်မှ နည်းတဲ့အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ သဘောထားကြီးမြတ်မှုလို့ ယူဆလို့မရပါဘူး။”

နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၁,၄၉၉ ယောက်ထက်မနည်း ရှိနေဆဲဖြစ်တယ်လို့ ISP က ထုတ်ပြန်ပါတယ်။ အဲဒီအထဲက ၉,၉၈၅ ယောက်ထက်မနည်းဟာလည်း ထောင်ဒဏ်တနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားရပါတယ်။

၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာလည်း အကျဉ်းသား ၅,၈၆၄ ယောက်ကို လွှတ်ပေးခဲ့ပြီး လွှတ်ပေးတဲ့အထဲ ပုဒ်မ-၅၀၅ နဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်က မြေပြင်က အဖြစ်အပျက်တွေနဲ့ ကွဲလွဲနေပြီး လူထုကို နားလည်မှုလွဲအောင် ရည်ရွယ်ချက်ရှိရှိ ပြောဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DVB ကို ပြောပါတယ်။

“စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းကို သေချာကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ပြောဆိုချက်တွေက နားလည်မှုလွဲအောင်လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုယ်တိုင်က ပြစ်ဒဏ်ခြောက်ပုံတပုံ လျှော့ရက်ခံစားခွင့်ပေးတယ်လို့ ပြောခဲ့ပေမဲ့ ထုတ်ပြန်စာမှာတော့ ကျန်ကာလရဲ့ ခြောက်ပုံတပုံလို့ ရေးသားထားပါတယ်။ ပြည်သူတွေကို ဥပဒေအားဖြင့် မျက်စိမှားအောင်၊ နားလည်မှုလွဲအောင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်က ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်ထဲမှာတော့ စုစုပေါင်း နိုင်ငံသားပြစ်ဒဏ်ကျခံသူ ၅,၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပြစ်ဒဏ်ကျခံနေရသူတွေရဲ့ ပြစ်ဒဏ် ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာ ပေးခဲ့တာလို့ ဆိုပါတယ်။

တသက်တကျွန်းကျခံနေသူတွေကိုတော့ ထောင်ဒဏ် ၁၅ နှစ် လျော့ပေါ့ကာ ၅၀၅ ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၆၀၀ ခန့်လည်း ပါဝင်တယ်လို့ ပြောဆိုခဲ့တာပါ။

PPNM ရဲ့ ထုတ်ပြန်ချက်အရ လွတ်လပ်ရေးနေ့က လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာမှာ နိုင်ငံတဝန်း အကျဉ်းထောင် ၄၀ ကျော်က နိုင်ငံရေးအကျဉ်းသား ၂၀၈ ယောက်၊ အကျဉ်းသူ ၁၃၁ ယောက်နဲ့ စုစုပေါင်းနိုင်ငံရေးအကျဉ်းသား ၃၄၄ ယောက်သာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီ ထုတ်ပြန်တဲ့အရေအတွက်နဲ့ ကွဲလွဲနေပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013