
ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဉရောပသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ အနောက်နိုင်ငံတွေက ဇန်နဝါရီ ၆ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒီအကျပ်အတည်းက အကြမ်းဖက်မှုတွေ တိုးမြင့်လာစေတဲ့အပြင် အချင်းချင်းကြား တင်းမာမှုတွေကိုလည်း ပိုမိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာအာဏာသိမ်းစစ်အုပ်စုက ဆက်လက်ပြီးတော့ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေတာကိုလည်း လက်မခံနိုင်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်နေတဲ့ ခိုင်မာတဲ့သတင်းအချက်အလက်တွေ ရရှိထားသလို အဲဒီထဲမှာ ကလေးသူငယ်တွေကို ပြန်ပေးဆွဲတာ၊ အတင်းအကျပ် စစ်သားစုဆောင်းတာ၊ တိုင်းရင်းသားလူနည်းစုတွေအပါအဝင် အရပ်သားတွေပါမချန် စစ်အပ်စုကခွဲခြားမှုမရှိ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တာတွေအပါအဝင် ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးတာ တွေစတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပြင်းထန်လာနေပြီး ရိုဟင်ဂျာတွေ အပါအဝင် လူ့အဖွဲ့အစည်းအားလုံး ခံစားနေရတဲ့ ဒုက္ခတွေက ပိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ တိုးလာပြီး စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ငြင်းပယ်ထားတာကြောင့် ပိုမိုဆိုးရွားလာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်းမှာတော့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၃ သန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ လူပေါင်း ၁၅ သန်းကျော်က စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေနေကြရတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံက အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တင်းမာမှုတွေ တိုးမြင့်မလာစေဖို့နဲ့ မတရားဖမ်းဆီး ခံနေရတဲ့ အကျဉ်းသားတွေအားလုံးကို လွှတ်ပေးရေးတို့ကို ထပ်မံတိုက်တွန်းထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေအတွက် ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေဖို့၊ အားလုံးပါဝင် နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားဖို့၊ စစ်မှန်ပြီး အပြုသဘောဆောင်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အာဆီယံနဲ့အတူ ဆက်လက်အားပေး ထောက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။
ပူးတွဲထုတ်ပြန်ချက်မှာပါဝင်တဲ့နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ အရှေ့တီမာနိုင်ငံတွေလည်း ပူးပေါင်းပါဝင်ပါတယ်။








