DVB Logo
Home
မြန်မာသတင်း
ဝက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံး၊ ၆ ဦး အရှင်ဖမ်းမိ
DVB
·
January 7, 2025
ဝက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံး၊ ၆ ဦး အရှင်ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက်​က စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ကျော်သေဆုံးပြီး ၆ ယောက် အရှင်ဖမ်းမိကာ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ပြောပါတယ်။

ဝက်လက်အရှေ့ဘက်ခြမ်းကို ထွက်လာတဲ့ စစ်ကြောင်းနဲ့ ကမှတ်ထိရွာနဲ့ မင်းကုန်းရွာ ၂ ရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ၇၀ ကျော်သေကာ ၆ ယောက် အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​ကောင်စီစစ်ကြောင်းဟာ ထိခိုက်သေဆုံးမှုများတဲ့အတွက် စစ်ကြောင်းတကြောင်းလုံး ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက “သူတို့ဘက်က အင်အား ၈၀ နီးပါးပါတဲ့ ရွှေဘို လကရ ၈ ထဲကနေ ထွက်လာကြတာ။ ဝက်လက်ဘက်ကို ရိက္ခာပို့သွားမယ့် ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်တွေက ဖြစ်တယ်။ မနက် ၇ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့တယ်။ သူတို့ဘက်က အလောင်းတွေတွေ့ရတဲ့ အရေအတွက်က ၇၁ လောင်းရှိတယ်။ အခုလို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တာက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက်နက်တွေရလာလို့ ဖြစ်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့သလို ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့​ကာ MA3 သေနတ် ၁ လက်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ပွဲကနေ ၆၀ မမ ပြောင်းတို ၁ လက်၊ RPG 7 ၁ လက်၊ MA15 (ငါးကြင်းမြီး) ၁ လက်၊ MA4 ၂ လက်၊ MA3 ၄ လက်၊ MA1 ၁၀ လက်၊ G3 ၁၇ လက်၊ M79 ၁ လက်၊ MA13 ၅ လက်၊ MA11 ၁ လက်၊ BA93 ၁ လက်၊ 5.56 ကျည် ၁,၁၆၄ တောင့်၊ G3 ကျည် ၁,၆၇၈ တောင့်၊ ၉မမ ကျည် ၃၆၅ တောင့်၊ ကာဘိုင်ကျည် ၃၉၇ တောင့်၊ အီနာဂါကျည် ၁၄ တောင့်၊ ငါးကြင်းမြီး ကျည်ကပ် ၁ ခု၊ နာနတ်သီးဗုံး ၃ လုံး၊ သံပုရာသီးဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၁၀ လုံး၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ RPG 7 ဒုံးသီး ၇ လုံး၊ RPG ကျည် ၇ ခု၊ နင်းမိုင်း ၅ လုံး၊ MA ကျည်အိမ် ၄၂ ခု၊ G3 ကျည်အိမ် ၃၈ ခု၊ MA13 ကျည်အိမ် ၁၁ ခု၊ Jammer အကြီး ၁ ခုနဲ့ ကျည်ကာဦးထုပ် ၁၀ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင်ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁၊ တပ်ရင်း၂၊ မြို့နယ် ပကဖနဲ့ ဝက်လက်တိုက်နယ် ၂ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်စောပိုင်းကလည်း ဝက်လက်မြို့နယ်ထဲက အုန္နဲဘုတ်ရွာထဲကို ၀င်စီးကာ ပြည်သူပိုင်ပစ္စည်းတွေယူပြီး ညအိပ်စခန်းချနေကြတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ လက်အောက်ခံ စစ်သားအင်အား ၇၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးကာ စစ်သား ၃ ယောက် အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013