
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား အင်အားစုတွေ ပူးပေါင်းပြီး လုပ်ငန်းဖော်ဆောင်ကြဖို့ မုံရွာသပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၅ မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ချုပ်ငြိမ်းရေးဟာ အညာဒေသက ပြည်သူတွေအတွက် လက်ငင်း လိုအပ်ချက်ဖြစ်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီက ပြောဆိုလိုက်တာပါ။
ဇန်နဝါရီ ၄ ရက်က မုံရွာမြို့နယ် တနေရာမှာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ ပြည်သူအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ သပိတ်ဦးဆောင်သူတွေက မေတ္တာရပ်ခံခဲ့ပါတယ်။
မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုး “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟာ ကျနော်တို့ ပြည်သူလူထုအတွက် ဒီ ၂၀၂၅ ခုနှစ်မှာ လက်ငင်းလိုအပ်ချက် ဖြစ်ပါတယ်။ ဒီလိုအပ်အပ်ချက်ကို အကောင်အထည်ဖော်ပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ERO တွေ တော်လှန်ရေးအင်အားစုအသီးသီး၊ ဒီမိုကရက်တစ် အင်အားစုတွေကို ကျနော်တို့ ပြည်သူလူထုက မေတ္တာရပ်ခံတယ်။ လူထုက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ပေးဖို့ပဲ ကျနော်တို့ ပြည်သူလူထုက လိုလားတယ်”လို့ ပြောပါတယ်။
ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပိုမိုအားစိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ခေါင်းဆောင်တွေကလည်း နှစ်သစ်မိန့်ခွန်းအသီးသီး ပြောကြားခဲ့တာမှာ ၂၀၂၅ အတွင်း မိမိတို့ဒေသကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ကြောင်း အခြေခံအားဖြင့် ပြောဆိုထားပါတယ်။
ဒီလို ပြောဆိုချက်တွေရှိခဲ့ပေမဲ့ တနိုင်ငံလုံးအားနဲ့ စုစည်းပြီးလုပ်ငန်းဖော်ဆောင်ရေးအတွက် ရှင်းလင်းတဲ့ မူဝါဒတွေ မတွေ့ရသေးဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။











