ပြည်ပမှာ ၁၀ လကျော်ကြာ တိမ်းရှောင်နေခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုဟာ အောက်တိုဘာ ၂၅ ရက်မှာ ပြည်တော်ပြန်လာခဲ့ပါတယ်။
“ကျမ ဒီမှာရှိနေပြီ၊ ရှင်တို့နဲ့အတူပါ” လို့ မာချာဒိုက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ သူ့ကို လာရာပြည်နယ်က ဘုရားကျောင်းတခုမှာ ပထမဆုံး တွေ့မြင်ခဲ့ရပြီး ထောက်ခံသူတွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနောက် မြို့တော် ကာရာကတ်စ်ကို ကားနဲ့ ခရီးဆက်ရာမှာ လမ်းတလျှောက် ထောက်ခံသူ ထောင်ပေါင်းများစွာက စောင့်ကြိုခဲ့ကြပါတယ်။
မာချာဒိုဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ နော်ဝေနိုင်ငံကို သွားပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက်ခံယူဖို့ ဗင်နီဇွဲလားကနေ လျှို့ဝှက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နေရပ်ပြန်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အခုမှ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
မာချာဒို ပြည်ပရောက်နေချိန် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်တပ်ဖွဲ့တွေက သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးပြီး နိုင်ငံပြင်ပကို ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီနောက် မာဒူရိုရဲ့ ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ယာယီသမ္မတ ဖြစ်လာခဲ့ပြီး အမေရိကန်အစိုးရရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။
မာချာဒိုဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သူ့ရဲ့ မဟာမိတ် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်က အစားဝင်ပြိုင်ခဲ့ရပါတယ်။
မာချာဒိုဟာ သမ္မတရွေးကောက်ပွဲ ထပ်ကျင်းပခဲ့ရင် ဝင်ပြိုင်မယ်လို့ အရင်က ပြောထားပေမဲ့ အခု ပြည်တော်ပြန်လာပြီးနောက် ဘာဆက်လုပ်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: Reuters











