DVB Logo
Home
မြန်မာသတင်း
KBZpay သုံးစွဲသူများ ငွေကြေးခိုးယူခံရမှု သိသိသာသာ များပြားလာ
DVB
·
January 3, 2025
KBZpay သုံးစွဲသူများ ငွေကြေးခိုးယူခံရမှု သိသိသာသာ များပြားလာ
Donate to DVB

ကမ္ဘောဇဘဏ်ရဲ့ KBZpay သုံးစွဲသူတွေရဲ့ အကောင့်တွေကနေ ငွေကြေးခိုးယူခံရမှုတွေ များပြားလာနေပြီး ဒါတွေကို စိစစ် ဖော်ထုတ်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပေမဲ့ သုံးစွဲသူတွေကတော့ ဘာမှ ထိထိရောက်ရောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

KBZpay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူတွေရဲ့ အကောင့်တွေကနေ အလိုအလျောက် ငွေကြေး လွှဲပြောင်းခံရတာနဲ့ ခိုးယူခံရတာတွေ ဖြစ်ပေါ်နေတယ်လို့ သုံးစွဲသူတွေဆီက အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါတယ်။

ဒီကိစ္စအပေါ် KBZpay ကတော့ အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကလည်း မိုဘိုင်းဖုန်းကတဆင့် ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှုတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

KBZpay သုံးစွဲသူတယောက်က “နိုင်ငံရေးအခြေအနေတွေကြောင့် စိုးရိမ်ပူပန်နေရတဲ့ကြားထဲ ဒီကိစ္စတွေကပါ ထပ်ဖြစ်တယ် ကြားနေတော့ စိတ်ညစ်စရာကြီးပေါ့။ ပြည်သူတွေက အဘက်ဘက်ကနေ ဆုံးရှုံးနစ်နာရတာချည်းပဲ။ Kpay ကလည်း အားလုံးလိုလို တွင်တွင်ကျယ်ကျယ် သုံးနေကြတော့ လုံးဝမသုံးဘဲ နေဖို့လည်း မဖြစ်နိုင်ဘူးထင်တယ်။ အစက Ooredoo ဖုန်းတွေတဲ့။ နောက်တော့ တယ်လီနောတွေ၊ MPT တွေပါ ဖြစ်တယ်ဆိုတော့ ဘယ်တော့ ကိုယ့်အလှည့် ရောက်မလဲ ဆိုပြီး စောင့်နေရသလိုပဲ” လို့ ပြောပါတယ်။

ထုတ်ပြန်ချက်မှာ ငွေလိမ်ခံရတဲ့ဖြစ်စဉ်တွေက ဘဏ်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဆက်စပ်ဆောင်ရွက်ရတဲ့ ဖုန်းအော်ပရေတာတွေကနေ တဆင့်ခံ ဝန်ဆောင်မှုပေးသူတွေရဲ့ စနစ်ကို နည်းပညာနဲ့ ဖောက်ထွင်းယူဆောင်တယ်လို့ ပါရှိပါတယ်။

KBZ ဘဏ်ကလည်း ဖြစ်စဉ်တွေကို ဆက်လက်စုံစမ်းတဲ့အခါ ဖုန်းပြောင်းလဲတဲ့ လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး နစ်နာသူ ၃၁ ယောက်ရှိတယ်လို့ ဆိုထားပါတယ်။

KBZpay ကနေ ငွေခိုးယူခံရလို့ နစ်နာသူတယောက်က “Device လည်း မချိန်းပါဘူးရှင်၊ OTP code လည်း ကျကို မလာပါဘူး၊ Two factor security လည်း ခံထားပါတယ်၊ Face ID ရော passcode ရော ဘာနိုတီမှလည်း မတက်ပါဘူး။ ပုံမှန်ဆို ငွေလွှဲရင် transfer Noti တက်ပါတယ်။ အခုက ငွေလျော့သွားတာ ဒီတိုင်းကို ကိုယ်မလွှဲထားဘဲ transactions ၂ ကြောင်း ထွက်သွားတာပါ။ ဘဏ်က ငွေပြန်ရမယ် မရဘူးတော့ အာမခံပြီးပြောထားတာ မရှိသေးဘူးရှင့်။ အခုကတော့ call center က ဖုန်းပြန်ခေါ်လာပြီးတော့ complaint ticket number ပေးသွားပြီး ဖုန်းထပ်ဆက်ပေးမယ်ပဲ ပြောထားပါသေးတယ်ရှင်။ အခုထိတော့ ဘာမှ ထပ်မသိရသေးပါဘူး။ ဗဟိုဘဏ်က ဘာပဲ ထုတ်ပြန် ထုတ်ပြန် ထိထိရောက်ရောက် ဖြစ်လာမယ်တော့ မထင်ထားပါဘူး။ အမြဲတမ်း ဒီလိုအသံတွေ ထွက်လာရင် အမိန့်စာထွက်နေကြ၊ ပြီးရင်လည်း ဒီတိုင်းပဲ ဆက်ဖြစ်နေဦးမှာလို့ပဲ ထင်တာပါပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်ကလည်း စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး မရိုးမဖြောင့်သဘောနဲ့ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုကာ တခြားသူရဲ့ အွန်လိုင်းငွေကြေး တရပ်ရပ်ကို ခိုးယူတာ ဒါမှမဟုတ် တခြားသူတဦးဦးကို ပြုလုပ်ဖို့ ခိုင်းစေတာတွေကို အနည်းဆုံး ၂ နှစ်မှ အများဆုံး ၇ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

KBZpay သုံးစွဲသူတယောက်က “ရှိပြီးသား တရားဥပဒေတွေ ဘာမှ စိုးမိုးမှုမရှိနေတဲ့ နိုင်ငံမှာ ဥပဒေအသစ် ဆိုတာလည်း ပြဋ္ဌာန်းရုံသက်သက်ပဲ ထင်ပါတယ်။ လူ့အသက်တွေတောင် လွယ်လွယ်လေး ပျက်စီးဆုံးရှုံးနေကြတာ ဒီငွေကိစ္စလေးက ဘာမှမှမဟုတ်တာ” လို့ ပြောပါတယ်။

KBZpay ရဲ့ ထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းငွေကြေး လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကို အစဉ်တစိုက် လုပ်ဆောင်နေပြီး ဖုန်းအော်ပရေတာတွေနဲ့ ဗဟိုဘဏ်နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်းမှာ အသုံးပြုသူ ၃၁ ယောက်ရဲ့ ငွေကြေးဆုံးရှုံးမှု မရှိစေဖို့ ကြိုတင်အစားထိုး စိုက်ထုတ်ပေးတာတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကစတင်ပြီး ဆောင်ရွက်နေပါတယ်လို့လည်း ပါရှိပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013