
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ KBZPay အသုံးပြု ငွေကြေးလိမ်လည်နေတယ်လို့ဆိုပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ကို အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အမှတ် ၂ မှုခင်းရဲတပ်ခွဲ၊ အမှတ် ၆ မှုခင်းတပ်ဖွဲ့စု၊ အမှတ် ၇ မှုခင်းတပ်ဖွဲ့စုနဲ့ ကနောင်နယ်မြေရဲစခန်းကရဲတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ ငါးပိဆိပ်ကျေးရွာ-ကနောင်သွားလမ်းပေါ်မှာ စောင့်ဆိုင်းစစ်ဆေးခဲ့ရာ ငါးပိဆိပ်ကျေးရွာနေ ဖြိုးစည်သူ (ခ) ဖိုးကုလားကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးရာမှာ သူအသုံးပြုတဲ့ လက်ကိုင်ဖုန်းတွေဟာ နေအိမ်မှာရှိတယ်လို့ သိရတာကြောင့် သက်သေတွေနဲ့အတူ နေအိမ်ကိုသွားရောက်ရှာဖွေခဲ့ရာ နေအိမ်နောက်ဖေး အိပ်ခန်းအတွင်းက လက်ကိုင်ဖုန်း ၃ လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိသူတယောက်က “ဖုန်းတွေကို စစ်ဆေးပြီးတဲ့နောက် KBZPay အသုံးပြုပြီး ငွေကြေးလိမ်လည်မှု ကျူးလွန်ထားတယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့် ဖုန်း ၃ လုံးကို သိမ်းဆည်းပြီး ကနောင်နယ်မြေရဲစခန်းကို ပို့ထားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
သက်သေခံလက်ကိုင်ဖုန်း ၃ လုံးကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပြီး ဖြိုးစည်သူ (ခ) ဖိုးကုလား၊ အသက် ၁၇ နှစ်၊ (ဘ) ဦးဖိုးညိုကို ဥပဒေအရ အရေးယူနိုင်ရေး ကနောင်နယ်မြေရဲစခန်းမှာ ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။
ဘယ်လိုပုံစံနဲ့ လိမ်လည်တယ်ဆိုတာတော့ အသေးစိတ်မသိရဘဲ အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေ ဟာ အခုထိ အားမလျော့သေးဘဲ အခုဆိုရင် ပြည်တွင်းသုံးတဲ့ ဖုန်းနံပါတ်တွေနဲ့ မကြာခဏဆိုသလို လိမ်လည်ဖို့ ဆွဲဆောင်တဲ့ မက်ဆေ့ဂျ်ပို့တာတွေရှိတယ်လို့ ဖုန်းအသုံးပြုသူတွေဆီက သိရပါတယ်။
KBZ Bank ကလည်း KBZPay အသုံးပြုသူတွေအနေနဲ့ OTP၊ PIN၊ Password နဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို အခြားသူတွေဆီ လုံးဝမမျှဝေဖို့ သတိပေးထားပါတယ်။










